- By 7Day News
တစ်လကျော်
အတွင်း အမေရိကန် ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ် သည့်နှုန်းမှာ ၁၇
ရာခိုင်နှုန်း ခန့်တက် လာခဲ့ပါသည်။ ထိုပမာဏမှာ မြန်မာနိုင်ငံ၏ ငွေလဲနှုန်း
ဈေးကွက် သမိုင်းတွင် တစ်လအတွင်း ဈေးအပြောင်းအလဲ အမြင့်ဆုံး
စံချိန်ဖြစ်သည်။ အာရှစီးပွားရေး ပျက်ကပ်ဖြစ် ခဲ့သော ၁၉၉၇ ခုနှစ်က
တစ်နှစ်အတွင်း ငွေလဲနှုန်းမှာ ၃၄ ရာခိုင်နှုန်းတက်ခဲ့ပြီး ထိုပမာဏမှာ
အမြင့်ဆုံး ဖြစ်ခဲ့သော ပမာဏ ဖြစ်ခဲ့သည်။၂၀၁၃ ဧပြီလဒုတိယ အပတ်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၈၆၀ ကျပ်သာရှိခဲ့ရာမှ မေ ၂၄ ရက် ပြင်ပဈေး ကွက်တွင် ၉၈၀ ကျပ်ထိ အရောင်း အ၀ယ်ဖြစ် ခဲ့သည်။ တစ်လ အတွင်း တစ်ဒေါ်လာ ၁၂၀ကျပ် တက်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ငွေဈေး တက်လာသဖြင့် ပြည်ပနိုင်ငံ များမှ တင်သွင်း လာသော ကုန်ပစ္စည်းဈေးနှုန်း များလည်း ဈေးတက် လာခဲ့သည်။
ငွေဈေးတက်သော ကာလအတွင်း မြန်မာနိုင်ငံသို့ အဓိက တင်သွင်းနေသော ပစ္စည်းမှာ ဓာတ်မြေသြ ဇာဖြစ်နေကြောင်း မူဆယ်မြို့ အခြေစိုက်ပို့ကုန် သွင်းကုန် လုပ်ငန်း လုပ်ကိုင်နေသူ ကိုနိုင်ဝင်းက ပြောသည်။ ထို့ကြောင့် ယခုအချိန် ဈေးတက်ခြင်းသည် သာမန်ပြည်သူ များထက် ကုန်လှောင်ထား သူများနှင့် ငွေကြေးကစားသူများသာ အကျိုးရှိသည်ဟု လုပ်ငန်းရှင်များကဆိုသည်။ ကြိုရောင်း၊ ကြိုဝယ်လုပ်တဲ့ သူတွေလောက်ပဲ အကျိုးရှိတယ်” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် ကိုနိုင်ဝင်းကပြောသည်။
“ဒီအချိန်ငွေဈေး တက်တာတော့ စားသုံး သူတွေပဲ ဈေးကြီးကြီးပေး ၀ယ်စားရတာ၊ ပို့စရာကုန်က အရမ်းနည်းပြီး သွင်းကုန်ကများတဲ့ အတွက် အခြေခံလူတန်းစားပဲ ထိခိုက်တယ်” ဟု ငွေလဲနှုန်းတက်ရန် တစိုက်မတ်မတ်တောင်းဆိုခဲ့ သော မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ကဆိုသည်။ မြန်မာနိုင်ငံ၏ အဓိက လယ်ယာထွက်ကုန်ဖြစ်သော ဆန်မှာ ဈေးနှုန်းမကိုက်သဖြင့် ပြည်ပသို့ ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့မှုကိုပင် ရပ်ဆိုင်ထားရသည်။
ပဲမျိုးစုံမှာလည်း ဈေးမကိုက် သဖြင့် ပြည်ပသို့ တင်ပို့မှုများ သိသိသာသာ ကျဆင်းနေသည်။ ဧပြီလဆန်းမှ မေလကုန်ဝန်းကျင်အထိ နှစ်လတာကုန်သွယ် မှုတွင် ပို့ကုန်ထက်သွင်း ကုန်က အမေရိကန် ဒေါ်လာသန်း ၆၀၀ ပိုများနေခဲ့သည်။ အဆိုပါနှစ်လ အတွင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ကျော်ရှိပြီး သွင်းကုန် တန်ဖိုးမှာ သန်းတစ်ထောင့် ခြောက်ရာကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြုစုထားသော စာရင်းဇယား များတွင် ဖော်ပြထားသည်။ “ဒီငွေလဲနှုန်းက ပြီးခဲ့တဲ့ နွေရာသီမှာသာဖြစ်ရင် အများကြီး အဆင်ပြေတာပေါ့။
အခုချိန်ကျတော့ အလုပ်တွေက သိပ်မကောင်းတော့ဘူး။ အချိန်ပိုလည်း မရှိတော့ဘူး” ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လုပ်နေသူ ကိုမျိုးကြီးက ပြောသည်။ မြန်မာဘဏ္ဍာရေးနှစ်စပိုင်းဖြစ်သော ဧပြီလလယ်မှစ၍ ငွေလဲနှုန်းတက်လာခြင်းမှာ ၀ယ်လိုအားနှင့် ရောင်းလိုအားမမျှ၍ ဈေးတက်လာခြင်းဖြစ်ကြောင်း အများစုက ပြောဆိုကြသည်။
အစိုးရမှ ဘတ်ဂျက်အသုံးစရိတ်အတွက် လိုအပ်သော မြန်မာငွေများ ရိုက်ထုတ်နေသဖြင့် ဈေးတက်လာခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။ ထို့အပြင် အမေရိကန်ဒေါ်လာ တန်ဖိုးတက်လာခြင်းမှာ အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။ ထို့အပြင် ယခုနှစ်တွင် တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ် တစ်ဧကလျှင် ကျပ်တစ်သိန်း ထုတ်ချေးမည်ဖြစ်ပြီး ထိုအတွက် လိုအပ်သည့် မြန်မာကျပ်ငွေ ၁၄၀၀ ဘီလီယံအတွက် ငွေစက္ကူများ ရိုက်ထုတ်ရနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
သို့သော် ယခုတက်လာသော ငွေလဲနှုန်းပမာဏမှာ ယခင် စစ်အစိုးရလက်ထက်ကရှိခဲ့သော ငွေလဲနှုန်းနှင့် နှိုင်းယှဉ်ပါက နည်းနေသေးသည်။ ဦးသိန်းစိန်အစိုးရမတက်ခင် ၂၀၀၉ ခုနှစ်ထိ တစ်ဒေါ်လာလျှင် ကျပ်တစ်ထောင်ကျော်ခဲ့သော်လည်း ၂၀၁၀ ခုနှစ်မှ စ၍ ဈေးကျခဲ့ပြီး တစ်ဒေါ်လာလျှင် ၇၀၀ ကျပ်အောက်သို့ပင်ရောက်ရှိခဲ့သည်။ ထို့ကြောင့် ပို့ကုန်လုပ်ငန်းများနှင့် စိုက်ပျိုးထုတ်လုပ်သူများ အထိနာခဲ့သဖြင့် ဦးသိန်းစိန်အစိုးရက ငွေဈေးတက်ရန် ဆေးမြီးတိုများအသုံးပြုခဲ့သည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ဟားဗတ်တက္ကသိုလ်မှ ပညာရှင်များကလည်း အမေရိကန် တစ်ဒေါ်လာလျှင် ၁၀၀၀ ကျပ် ၀န်းကျင်ရှိသင့်သည်ဟု အကြံပြု ထားကြသည်။ ထို့ကြောင့် အစိုးရ အနေဖြင့် အမေရိကန်ဒေါ်လာ နှင့် မြန်မာကျပ်ငွေလဲလှယ်သည့်နှုန်းအား ဈေးအမျိုးမျိုးဖြစ်နေခြင်းကို ဖျက်သိမ်းကာ ထိန်းကျောင်းငွေလဲနှုန်းရှင်ကို ၂၀၁၂ ဧပြီလဆန်းမှစ၍ တစ်ဒေါ်လာ ၈၁၈ ကျပ်ဖြင့် စတင်သတ်မှတ်ခဲ့သည်။ ငွေလဲနှုန်းတက်ခြင်းမှာ တောင်သူလယ်သမားများ စပါးပေါ်ချိန် ပဲပေါ်ချိန်နှင့် ရေထွက်ပစ္စည်းများထွက်ချိန်ဖြစ်သော ပွင့်လင်းကာလတွင် ဈေးတက်လျှင် လူများစုအတွက် အကျိုးရှိပေလိမ့်မည်။
“ဒီအချိန်ဈေးတက်ပြီး ငြိမ်နေရင် ပြဿနာသိပ်မရှိဘူး။ သီးနှံတွေပေါ်တဲ့အချိန် နိုဝင်ဘာ၊ ဒီဇင်ဘာမှာ ဈေးပြန်ကျသွားရင် တောင်သူတွေအတွက် အများကြီး နစ်နာမယ်” ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် ပို့ကုန်လုပ်ငန်းရှင် ကိုမျိုးသူရအေးကပြောသည်။ လုပ်ငန်းရှင်အများစုက ဒေါ်လာတန်ဖိုးအတက်အကျမြန်နေခြင်းထက် ဈေးငြိမ်နေခြင်းမှာ လုပ်ကိုင်ရ၍ ပိုမိုအဆင်ပြေကြောင်း ပြောသည်။
မြန်မာနိုင်ငံ လူဦးရေ၏ အများဆုံးဖြစ်သော တောင်သူများမှာ ဒေါ်လာဈေးအတက်ဖြင့် ၀ယ်ယူထားသော သွင်းအားစုများ မဖြစ်မနေ၀ယ်ယူ သုံးစွဲနေရ တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် ကုန်ပစ္စည်းများ ဈေးတ က်သွားသည်။ ကုန်ပစ္စည်းများမှာ အလွယ်တကူ ဈေးပြန်မကျဘဲ တက်ဈေးနှင့်သာ ရောင်းဝယ်ကြသည်။ “လတ်တလော မြန်မာပြည်အနေအထားက ဒေါ်လာပိုက်ပြီး ၀င်လာသူတွေ များနေချိန်ဖြစ်နေတာကြောင့် အခြားနိုင်ငံများနှင့် မတူပဲ မြန်မာငွေပို ထုတ်ပေးနေရတဲ့ အနေအထားလည်း ဖြစ်နေတဲ့ အတွက် သတိထား ဆောင်ရွက်သင့်တယ်” ဟု နိုင်ငံတကာ စီးပွားရေး အကြံပေး ဦးကျော်မြင့်က ပြောသည်။








0 comments:
Post a Comment