တောင်ကြီးမှ ပထမတန်း ကျောင်းသူ ၀ါယာကြိုးဖြင့် အရိုက်ခံရမှု အုပ်ထိန်းသူကို တရားစွဲဆို
တောင်ကြီး ၊ ဇွန် ၁၉ တောင်ကြီးမြို့မှ အသက်(၇)နှစ် အရွယ် ပထမတန်း
ကျောင်းသူကို ၀ါယာကြိုးနှင့် ရိုက်မှုဖြင့် အုပ်ထိန်း သူအား လူမှု ၀န်ထမ်းမှ
တရားစွဲဆို ထားကြောင်း သတင်း ရရှိသည်။ယနေ့တွင် တောင်ကြီးမြို့ အမက(၁၅)သို့ ကျောင်း ကျန်းမာရေးက ကလေးများ၏ ကျန်းမာရေးကို သွားရောက် စစ်ဆေးစဉ် ပထမတန်း ကျောင်းသူ မသက်ထားခင်၏ ကျောပြင်နှင့် ခြေထောက် တစ်လျှောက်၌ အကွင်းလိုက် ပေါ်နေသော ဒဏ်ရာများကို တွေ့ရှိရသဖြင့် တောင်ကြီင်္းမြို့ လူမှုဝန်ထမ်း ဦးစီးနှင့် ရဲစခန်းတို့ကို ကျောင်း ကျန်းမာရေးမှ အထက်တန်း သူနာပြု ဒေါ်စောဥမ္မာနှင့် ကျောင်းတာဝန် ရှိသူများက တိုင်ကြား ခဲ့ကြောင်း၊ ယင်းတိုင်ကြား ချက်အရ ကလေးငယ်အား မေးမြန်းရာ သူမ၏ ကြီးတော်နှင့် အမ၀မ်းကွဲ တို့က ၀ါယာကြိုးနှင့် ရိုက်နှက် ထားသည်ဟု ဆိုကြောင်း၊ ပြည်နယ် လူမှုဝန်ထမ်း ဦးစီးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်အောင်ရီက ပြောသည်။
“အုပ်ထိန်း သူတွေကို စစ်ဆေးကြည့်တော့ စာမရလို့ ရိုက်တာလို့ ပြောတယ်။ ဒါပေမဲ့ ကလေးသူငယ် ဥပဒေအရ ကတော့ အုပ်ထိန်းသူပဲ ဖြစ်စေ၊ ဆရာမဖြစ်စေ လိမ္မာအောင် ဆိုဆုံးတဲ့နေရာမှာ ညှင်းပန်း နှိပ်စက်သလို မဖြစ်ရဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ လူမှု ၀န်ထမ်းက တရားလို ပြုပြီးတော့ အမှုဖွင့် လိုက်တယ်” ဟု ၄င်းကပြောသည်။
ယင်းနှင့် ပတ်သက်၍ တောင်ကြီး ရဲစခန်းသို့ ပေါ်ပြူလာ နယူးစ်မှ ဆက်သွယ် မေးမြန်းခဲ့ရာ တာဝန်မှူးက “ဒီအမှုက ကလေးသူငယ် ဥပဒေအရ ရဲအရေးပိုင်တဲ့ အမှု မဟုတ်ဘူး။ ဒါကြောင့် လူမှုဝန်ထမ်း ကနေပြီး တရားစွဲဆို အမှုတင်လိုက်ပါပြီ” ဟု ပြောသည်။
ရိုက်နှက် ဆုံးမသည်ဟု သံသယရှိသူ မသက်ထားခင်၏ ကြီးတော်နှင့် အစ်မ၀မ်းကွဲကို ရဲစခန်းတွင် ထိန်းသိမ်း ထားကြောင်း ၄င်းက ဆက်ပြောသည်။ မသက်ထားခင်၏ ဖခင်မှာ ကွယ်လွန် သွားပြီဖြစ်ပြီး မိခင်ဖြစ်သူမှာ ညောင်ရွှေတွင် ရှိသည်ဟု ကြားရသော်လည်း ယခုအချိန်အထိ ဆက်သွယ်၍ မရသေးကြောင်း ဦးတင်အောင်ရီက ပြောသည်။
စိုင်းနောင်








0 comments:
Post a Comment