-->

Tuesday, June 25, 2013

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် သူတို့အမြင်


From : .. mm times

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ၂၀၁၅ တွင် သမ္မတဖြစ်လိုကြောင်း တရားဝင်ပြော
ကြားလာမှုအပေါ်တွင် လွှတ်တော်ကိုယ်စားလှယ်အချို့က ၎င်းတို့၏ အမြင်သဘောထားများကို
မတူကွဲပြားစွာ တုံ့ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ပြင်ဦးလွင်ခရီးစဉ်၌ လူထုအား တရားဝင် ပြောကြားအပြီး
 နောက်တစ်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက ဖြစ်လာတော့မည့် လက်ရှိပြည်သူ့
လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)၏ ဥက္ကဋ္ဌ
လည်းဖြစ်သော သူရ ဦးရွှေမန်းကလည်း ၎င်း၏ အမေရိကန်ခရီးစဉ်၌ သမ္မတအဖြစ် ဆောင်ရွက်
လိုကြောင်း ပြောကြားခဲ့သည်။

"လွှတ်တော်မှာ အမတ်ဦးရေ အများဆုံးဖြစ်လို့ ၂၀၁၅ မှာ အင်န်အယ်လ်ဒီပါတီ (အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်) က အစိုးရဖွဲ့ခွင့် ရကောင်းရနိုင်မှာပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ
ဖြစ်ဖို့ဆိုတာက လက်ရှိ အခြေခံဥပဒေပါ သမ္မတအရည်အချင်း သတ်မှတ်ချက်တွေကို ပြင်ဆင်နိုင်
မှဖြစ်နိုင်တာ ဆိုတော့ ၂၀၁၅ မှာ ဘယ်သူ သမ္မတ ဖြစ်လာမလဲဆိုတာ အတပ်မပြောနိုင်ပါဘူး"ဟု
သီပေါမဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ရှမ်းအမျိုးသား ဒီမိုကရေစီပါတီဝင် ဦးရဲထွန်း
က ပြောသည်။

"နောက်တစ်ချက်က ကျန်နေတဲ့လွှတ်တော်သက်တမ်း နှစ်နှစ်ခွဲမှာ ပြည်ခိုင်ဖြိုးပါတီက အစွမ်းကုန်
ကြိုးစားပြီး ပါတီတွင်း ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ခဲ့ရင် ဥပမာ
အင်န်အယ်လ်ဒီပါတီက ခေါင်းဆောင်ပိုင်းရွေးတဲ့ နည်းမျိုး တကယ့်ဒီမိုကရေစီနည်းနဲ့၊ အောက်ခြေ
ကနေ အဆင့်ဆင့်ရွေးတင်တဲ့ နည်းနဲ့ရွေးပြီး ပြုပြင်ပြောင်းလဲမှုကြီးတွေ လုပ်သွားနိုင်ရင်
 ရွေးကောက်ပွဲရလဒ်ကို တိုးလာစေနိုင်ပါတယ်။ ဒါကြောင့် ၂၀၁၅ မှာ အင်န်အယ်လ်ဒီကပဲ မဲ
အပြတ်နိုင်မယ်လို့ အပြတ်မပြောနိုင်သေးပါဘူး။ ကျွန်တော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်
နဲ့ သူရ ဦးရွှေမန်း ဒီနှစ်ယောက်မှာ သမ္မတ ရာထူးအတွက် ချိန်ထိုးတဲ့အခါ ကျွန်တော်တို့နိုင်ငံက
တပ်မတော်နဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမယ့်၊ အစဉ်ပတ်သက် နေရမယ့် ပြည်တွင်း ငြိမ်းချမ်းရေး
လိုကိစ္စတွေကလည်း ရှိနေတော့ တပ်မတော်နဲ့ မကင်းနိုင်ရင် ဦးရွှေမန်းက ပိုသင့်တော်မယ်လို့
ထင်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးနဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှုတွေ၊ အကူအညီတွေအတွက်
ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်က ပိုပြီးသင့်တော်မယ်လို့ မြင်ပါတယ်" ဟု ၎င်းကပြောသည်။

လွှတ်တော်နှစ်ရပ်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်၌ သူရဦးရွှေမန်း ဥက္ကဋ္ဌဖြစ်သည့် ပြည်ခိုင်ဖြိုး
ပါတီသည် အင်အားအကြီးဆုံးပါတီ၊ အမတ်ဦးရေ အများဆုံးပါတီ ဖြစ်သောကြောင့် အစိုးရသစ်ကို
 ၂၀၁၁ တွင် မိမိတို့ စိတ်ကြိုက် ဖွဲ့စည်းခွင့်ရခဲ့ပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌဖြစ်သည့် အင်န်အယ်လ်ဒီပါတီကမူ လွှတ်တော်၌ ဒုတိယ အင်အား
 အကြီး ဆုံးပါတီဖြစ်လျက်ရှိပြီး လာမည့် ၂၀၁၅ တွင် အမတ်ဦးရေ အများဆုံး၊ အင်အားအကြီးဆုံး
ပါတီ ဖြစ်လာနိုင်မည်ဟု နိုင်ငံရေးလေ့လာသူတို့က ခန့်မှန်းထားကြသည်။

သင်္ဃန်းကျွန်း မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က "လက်ရှိ ၂၀၁၃
 နိုင်ငံရေး အခြေအနေအရ ၂၀၁၅ မှာ ပြည်ခိုင်ဖြိုးပါတီက တစ်ပြည်လုံး အနိုင်ရဖို့မလွယ်ဘူး။
 ဒါဆိုရင် သမ္မတရွေးချယ်ဖို့မှာ သူတို့ အနေနဲ့ ဆုံးဖြတ်ပိုင်ခွင့် မရှိတော့ဘူး။ အင်န်အယ်လ်ဒီက
နိုင်ခဲ့ရင် အင်န်အယ်လ်ဒီကပဲ ဆုံးဖြတ်ခွင့်ရမှာ။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ
အရည်အချင်း သတ်မှတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်က အရွေးခံခွင့် မရှိပြန်ဘူး" ဟုပြော
သည်။

"နောက်ပြီးတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲစနစ်ကို ပြင်ဆင်ရေးအတွက် ဆုံးဖြတ်ချက်
မထွက်သေးဘူး။ ဆိုလိုတာက PR စနစ် (Proportional Representatives System) ကို
ဘယ်လို တင်လာဦးမလဲ မသိရသေးတော့ ၂၀၁၅ မှာ ပြည်ခိုင်ဖြိုးလား၊ အင်န်အယ်လ်ဒီလား
ဘယ်သူအပြတ်နိုင်မှာလဲ ပြောလို့မရသေးဘူး။ လောလောဆယ်အနေအထားမှာတော့
 ရွေးကောက်ပွဲ ပုံစံကိုလည်း မပြောင်းလဲဘူး။ ပြည်ခိုင်ဖြိုးက ဖွဲ့ထားတဲ့ အစိုးရကလည်း ကျန်တဲ့
နှစ်နှစ်ခွဲအတွင်း သိသာတဲ့အပြောင်းအလဲတွေ မလုပ် နိုင်ဘူးဆိုရင် အဲဒီနှစ်ချက်ကြောင့် ၂၀၁၅ မှာ
 အင်န်အယ်လ်ဒီက နိုင်မှာပဲ။ ဒါပေမဲ့ သမ္မတအရည်အချင်း သတ်မှတ်ချက်တွေ မပြင်နိုင်ခဲ့ရင်
 ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော် ဥက္ကဋ္ဌပဲလုပ်နိုင်မယ်။ သူ့ပါတီမှာလည်း ဥက္ကဋ္ဌဖြစ်တော့
 ပါတီအကျိုးရော၊ နိုင်ငံ့ အကျိုးကိုပါ လွှတ်တော်ထဲကနေ ထိထိရောက်ရောက် လုပ်နိုင်မှာပါ" ဟု
၎င်းကပြောသည်။

သမ္မတအဖြစ် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးစလုံး ၀င်ပြိုင်ခွင့်ရသည့်တိုင်
 (သမ္မတ အရည်အချင်းသတ်မှတ်ချက် ဥပဒေကို ပြင်ဆင်လို့ရသည့်တိုင်) တိုင်းရင်းသားပါတီများ
၏ ထောက်ခံမှု၊ တပ်မတော်သား ကိုယ်စားလှယ်အချို့၏ ထောက်ခံမှုတို့ပါ ရရှိမှသာ သမ္မတဖြစ်
 နိုင်ကြောင်းလည်း ၎င်းကပြောသည်။

"လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် လွှတ်တော်က အစုအဖွဲ့ သုံးခုကနေ သမ္မတ အမည်
စာရင်းတွေ အဆိုပြုတင်သွင်းကြရမှာ မဟုတ်လား။ နောက်ပြီး ကျန်တဲ့သက်တမ်း နှစ်နှစ်ခွဲမှာ
 ပြည်သူလူထုအတွက် ဘယ်လောက်လုပ်ပေး နိုင်ကြသလဲ ဆိုတာကလည်း ရှိသေးတယ်။
ဒါကြောင့် ခုချိန်မှာ ဝေဖန်ချက်ပေးရတာ စောနေသေးပါတယ်။ သေချာပေါက် ပြောချင်တဲ့အချက်
က သူရဦးရွှေမန်း သမ္မတဖြစ်လာရင် သူဖွဲ့ မယ့် အစိုးရအဖွဲ့ကလည်း တပ်မတော်သားဟောင်းတွေ
 ဖြစ်ဖို့များတယ်။ တပ်မတော်သားတွေဆိုတာက အင်စတီကျု (institute) အဖွဲ့တွေဖြစ်လို့
အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး စွမ်းဆောင်ရည်တွေရှိနိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လို့
ဖွဲ့လာမယ့် အစိုးရအဖွဲ့ကျတော့ သူ့အနားမှာ ၀ိုင်းနေတဲ့သူတွေက အုပ်ချုပ်ရေး စွမ်းဆောင်ရည်
 ရှိမရှိ ကျွန်တော် မသိဘူး။ ရှိမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ကျန်တဲ့အချိန် နှစ်နှစ်ခွဲအတွင်းမှာ
 ဒီနှစ်ယောက်ရဲ့ အရည်အသွေးတွေကိုလည်း ကျွန်တော်တို့ အကဲဖြတ်ကြရပါဦးမယ်။ ဘာပဲဖြစ်ဖြစ်
 နိုင်ငံရေးပါတီတွေဟာ 'ငါနဲ့မတူ ငါ့ရန်သူလို့ မသတ်မှတ်ဘဲ' လွှတ်တော်ကိုယ်စားလှယ်တွေကို
 တော့ စည်းရုံးကြရမှာပေါ့" ဟု ဦးသိန်းညွန့်က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ ငွေစာရင်းကော်မတီ (ပူးပေါင်း) အဖွဲ့ ၀င်လည်းဖြစ်၊ အမျိုးသား
ဒီမိုကရေစီအင် အားစုပါတီမှ ဒဂုံမြို့သစ်မြောက်ပိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း
 ဖြစ်သော ဒေါ်တင်နွယ်ဦးက သမ္မတတစ်ဦး အရည်အချင်းအတွက် အတွေ့အကြုံ၊ အစွမ်းအစများ
ထက် စိတ်စေတနာနှင့် ကိုယ်ကျင့်တရားကို အလေးထားသင့်ကြောင်း ပြောသည်။

"ကျွန်မတို့နိုင်ငံမှာ ပညာရေးဆိုလည်း ပျက်စီးခဲ့ပြီးပြီ။ ကျန်းမာရေးဆိုလည်း အလားတူပဲ။ ဒီတော့
 ကျန်တဲ့ နှစ်နှစ်ခွဲအတွင်းမှာ တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေး ကိစ္စတွေမှာ
 ဘယ်သူကဘယ်လောက် စွမ်းဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ နောက်ပြီး
 ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး မဖြစ်ရေးထက် သမ္မတဖြစ်ခွင့် အရည်အချင်း သတ်မှတ်
ချက်ဥပဒေကို ပြင်နိုင်ရေး မပြင်နိုင်ရေးကို အရင်စဉ်းစားရမှာပါ။ လွှတ်တော်မှာက တပ်မတော်သား
 ကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်းရှိနေတာ။ ဥပဒေပြင်ဖို့ က ၇၅ ရာခိုင်နှုန်းကျော်မှရမှာဖြစ်လို့
ဒါအတော်ခဲယဉ်းမယ့် ကိစ္စကြီးပါ။ ဒီ ဥပဒေကို ပြင်နိုင်သည့်တိုင် သမ္မတ ရွေးရာမှာတော့
 ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲကြရမှာဖြစ်လို့ ၂၀၁၅ မှာ ဘယ်ပါတီက အမတ်အများဆုံးရလဲဆို
 တဲ့ကိစ္စဟာ နောက်ထပ်နှစ်နှစ်ခွဲအတွင်း နိုင်ငံရေးအပြောင်းအလဲတွေ စွမ်းဆောင်နိုင်မှုတွေအပေါ်
မူတည်နေပါတယ်"ဟု ၎င်းကပြောသည်။

ပြည်ထောင်စုလွှတ်တော်၏ ပြီးခဲ့သော အစည်းအဝေးအတွေ့အကြုံများအရ တပ်မတော်သား
ကိုယ်စားလှယ်များမှအပ ကျန် ၇၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များသည် လျှို့ဝှက်ဆန္ဒမဲ
 ပေးကြသည့်အခါ အမြဲတမ်းလိုလို ကြားနေသည့် ဦးရေမှာ ၁၂ ဦးမှ ၂၀ ခန့်ရှိပြီး စက်ခလုတ်
 နှစ်ခါနှိပ်မိ၍ ပယ်မဲဖြစ်သည့်ဦးရေနှင့် နေ့စဉ်ခွင့်ယူလျက်ရှိကြသော ပြည်ထောင်စုလွှတ်တော်
 ကိုယ်စားလှယ် ၃၀ ဦးနှင့် ၄၀ ဦး အထက် ရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ
 သိရသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks