By The Voice Journal
တပ်မတော်
အစိုးရ လက်ထက် ၂၀၀၆ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့သော ဆေးလိပ်နှင့် ဆေးရွက်ကြီး
ထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ အသက်ဝင်စေရေးအတွက် ဆောင်ရွက်
ပေးရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုကို အမျိုးသား လွှတ်တော်တွင် ဆက်လက်
ဆွေးနွေးရန် သဘောတူကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က
ပြောကြားသည်။ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပပြု လုပ်သည့် အမျိုးသား လွှတ်တော် အစည်း အဝေးတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို အစိုးရက အသက်ဝင် စေရေး ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက တင်သွင်းခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က ဆက်လက် ဆွေးနွေးရန် လွှတ်တော် ကိုယ်စားလှယ် အားလုံးက သဘောတူခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဥပဒေကို တပ်မတော် အစိုးရလက်ထက် ၂၀၀၆ ခုနှစ် မေလတွင် ထုတ်ပြန်ခြင်းဖြစ်ပြီး ဥပဒေအာဏာ တည်သည်မှာ ခုနစ်နှစ် ခန့်ရှိပြီဖြစ်သော် လည်း ကျန်းမာရေးဝန်ကြီး ဌာနအနေနှင့် ပညာပေး အဆင့်တွင်သာ ရပ်တန့်နေပြီး အရေးယူမှုမရှိသောကြောင့် အသက် ၁၈ နှစ် မပြည့်သေး သည့် ကျောင်းသား လူငယ်များပါ ဆေးလိပ်သောက်သုံးမှု မြင့်တက် လာကြောင်း ဦးခင်မောင်ရီက ပြောကြားသည်။ တရားဥပဒေ စိုးမိုးရေးနှင့် ဆေးလိပ် အန္တရာယ်ကို ကာကွယ်နိုင်ရန် ယင်းအဆို တင်သွင်းရခြင်းဖြစ်ကြောင်း ဦးခင်မောင်ရီက ဆိုသည်။
"ဥပဒေထုတ်ပြီးရင် အတည်ဖြစ်အောင် လုပ်ရတယ်။ တစ်ခုမှ မလုပ်ဘူး။ မလုပ်တဲ့အတွက် သောက်တဲ့သူအပြင် ပတ်ဝန်းကျင်ပါ အကုန် ထိခိုက်တယ်။ ဥပဒေမှာ ၁၈ နှစ်အောက် မရောင်းရ၊ အလိပ်ပြေ မရောင်းရ ဆိုတာတွေ ပြ ဋ္ဌာန်းထားပေမယ့် မလိုက်နာကြဘူး" ဟု ၎င်းက ပြောကြားသည်။ အခန်း ကိုးခန်း ပုဒ်မပေါင်း နှစ်ဆယ် ပါရှိသည့် အဆိုပါဥပဒေ သည် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီပြီး ပြည့်စုံသည့် ဥပဒေ တစ်ရပ် ဖြစ်သော်လည်း ယနေ့အထိ အသက်မဝင်သေးကြောင်း၊ ထို့ကြောင့် ယင်းဥပဒေအတိုင်း တိကျစွာ လိုက်နာကျင့်သုံးရေး လိုအပ်သော အစီအမံ များနှင့် အရေးယူ ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရကို လွှတ်တော်မှ တစ်ဆင့် တိုက်တွန်းကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
"ဥပဒေကိုတော့ သေချာမသိပါဘူး။ ဆေးလိပ်ဘူးမှာတော့ ၁၈ နှစ်အောက် မရောင်းရလို့ ကပ်ထားတာပဲ။ ဒါပေမဲ့ ကိုယ်မရောင်းလည်း သူများရောင်း မှာလေ။ အရက်လည်း ရောင်းနေကြတာပဲ။ ဆေးလိပ်လည်း ရောင်းမှာပေါ့" ဟု သာကေတ မြို့နယ်အတွင်းရှိ ကုန်စုံ စတိုးဆိုင် တာဝန်ခံ တစ်ဦးက ပြော ကြားသည်။ အများနှင့် သက်ဆိုင်သည့် နေရာများတွင် ဆေးလိပ် သောက်သုံးနေမှု များကြောင့် ဆေးလိပ် မသောက်တတ်သူများအတွက် စိတ် အနှောင့် အယှက် ဖြစ်ရသကဲ့သို့ ကျန်းမာရေးလည်း များစွာထိခိုက်ကြောင်း၊ အချို့ လူမှုရေး နားမလည်သူများမှာ လသားအရွယ် ကလေးများဘေး တွင် ဆေးလိပ် သောက်သည်များ ရှိကြောင်း၊ ဆေးလိပ်မှာ သောက်သုံးသူ အပါအဝင် ဆေးလိပ်ငွေ့ ရှူမိသည့် သူများအားလုံး ကျန်းမာရေး ထိခိုက်နိုင် သဖြင့် ဆေးလိပ်သောက်သူ လျော့ပါးလာရေး၊ အများနှင့် သက်ဆိုင် သည့် နေရာများတွင် ဆေးလိပ် မသောက်သုံးရေးကို အမျိုးသားရေး တစ်ရပ် အနေနှင့် တွန်းတွန်းတိုက်တိုက် လုပ်ဆောင်သင့်ကြောင်း အမျိုးသမီး ဆရာဝန် တစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။
စီးကရက်ကဲ့သို့သော ကျန်းမာရေး ထိခိုက်နိုင်သည့် ကုန်ပစ္စည်းများကို အထူးကုန်စည်အဖြစ် ထုတ်လုပ် တင်သွင်း ရောင်းချမှုအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိကြောင်း၊ ထို့ပြင် အကန့်အသတ်ဖြင့်သာ ထုတ် လုပ်ဖြန့်ချိနိုင်ရန် ဝန်ကြီး ဌာနများအလိုက် ဆွေးနွေး ဆောင်ရွက် မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သို့သော် မြန်မာနိုင်ငံတွင် အလိပ် ၂၀ ပါ စီးကရက် တစ်ဘူးကို အနည်းဆုံး ကျပ် ၂၅၀ ဝန်းကျင်ဖြင့်ပင် ဝယ်ယူနိုင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တည်ဆဲဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က မပယ်ဖျက်လျှင်သော်လည်းကောင်း၊ အခြေခံဥပဒေနှင့် မဆန့်ကျင်လျှင်သော် လည်းကောင်း အတည်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။








0 comments:
Post a Comment