-->

Thursday, July 18, 2013

မြန်မာနိုင်ငံ အောက်ပိုင်း ရေကြီးမှု အန္တရာယ် စိုးရိမ်ဖွယ်ရှိ

By The Voice Journal

မြန်မာနိုင်ငံ အောက်ပိုင်း ရေကြီးမှု အန္တရာယ် စိုးရိမ်ဖွယ်ရှိမြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့ကို National Aeronautics and Space Administration (NASA ) ၏ ဂြိုဟ်တု ဓာတ်ပုံများမှ တစ်ဆင့် လေ့လာချက် အရ ဇူလိုင်လ အတွင်း ရေကြီး နစ်မြုပ်နိုင်မှု အန္တရာယ် စိုးရိမ်ဖွယ် အခြေအနေ ရှိကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။ အဆိုပါ တိုင်းဒေသကြီးတို့တွင် ရေဖုံးလွှမ်းမှု အလားအလာ များပြားလျက် ရှိပြီး ဧရာဝတီမြစ်၊ စစ်တောင်းမြစ်နှင့် ပဲခူးမြစ်တို့တွင် ရေကြီးမှု အန္တရာယ်ကို ကြုံတွေ့နိုင်ကြောင်း ၎င်းက ဆိုသည်။
ဇူလိုင်လ ၁၇ ရက်မှ ၃၀ ရက်နေ့အတွင်း ကာလများသည် မိုးကောင်း၍ စွတ်စိုမည့် ကာလဖြစ်ပြီး ဘင်္ဂလား ပင်လယ်အော်တွင်လည်း မုတ်သုံလေ အားကောင်းနေခြင်းကြောင့် မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှု ပိုမို များပြားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ဇွန်လဆန်းပိုင်းမှ စတင်၍ မိုးရွာသွန်းမှု များပြားခြင်းကြောင့် စပါးစိုက်ခင်း အပျက်အစီးများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိ အချိန်တွင် ပျိုးနုတ်၊ ပျိုးခင်းထောင်ခြင်း လုပ်ငန်းများကို ပြန်လည် လုပ်ကိုင်နေရကြောင်း၊ ရာသီဥတုကြောင့် မိုးများခြင်းဖြစ်၍ ကြိုတင် ကာကွယ်ခြင်း မပြုလုပ်နိုင်သေးကြောင်း ဒေးဒရဲ မြို့နယ် လေးအိမ် ကုန်း ကျေးရွာမှ လယ် ၈၅ ဧက ပိုင်ဆိုင်သူ ဦးတင်ဝင်း က ပြောကြားသည်။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိ အားနည်း ရပ်ဝန်းသည် ဇူလိုင်လ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် အိန္ဒိယနိုင်ငံ သြရိဿ ကမ်းခြေသို့ ရွေ့လျား ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေရာမှ အား အလွန် ကောင်းနေပြီး ဆက်လက်၍လည်း မုတ်သုံလေ ပိုမို အားကောင်း လာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ၁၇ နေ့တွင် ထုတ်ပြန် ကြေညာသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လ အတွင်းက ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် မိုးများပြီး ရေလွှမ်းမိုး နစ်မြုပ်မှု ၈၅ ရာခိုင်နှုန်းခန့်ရှိရာ စိုက်ပျိုးရေး လုပ်ငန်း များ ပျက်စီးခဲ့ကြောင်း ဒေသခံ တောင်သူများက ပြောကြားသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks