-->

Monday, July 29, 2013

အကြမ်းဖက်နှိမ်နင်းရေး ပူးတွဲ စစ်ရေး လေ့ကျင့်ရန် ရုရှားသို့ တရုတ် တပ်ဖွဲ့များ စတင် စေလွှတ်

By The Voice Journal

အကြမ်းဖက်နှိမ်နင်းရေး ပူးတွဲ စစ်ရေး လေ့ကျင့်ရန် ရုရှားသို့ တရုတ် တပ်ဖွဲ့များ စတင် စေလွှတ်ရုရှားနိုင်ငံနှင့် ပူးပေါင်းပြီး အကြမ်းဖက် ဆန့်ကျင်ရေး စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရန် တရုတ် တပ်မတော်မှ စစ်သည်များနှင့် လက်နက်များကို ဇူလိုင်လ ၂၇ ရက်နေ့တွင် ရုရှားနိုင်ငံသို့ စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် Xinhua သတင်း ဌာနက ရေးသား ဖော်ပြသည်။
အဆိုပါ အကြမ်းဖက် နှိမ်နင်းရေး ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို ရက်ပေါင်း ၂၀တာမျှ ပြုလုပ်မည်ဖြစ်ပြီး ရုရှားနှင့် တရုတ် တပ်ဖွဲ့ဝင်များက ခေတ်မီ ဆန်းသစ်သော နည်းပညာများနှင့် လက်နက်များကို အသုံးပြုသွားမည် ဖြစ် သည်။ တရုတ် စစ်ဘက်မှ တာဝန်ရှိသူများ အဆိုအရ စစ်အရာရှိများနှင့် စစ်သည် များကို လေကြောင်း ခရီးစဉ် ဖြင့် စေလွှတ်သလို မီးရထားဖြင့်လည်း စေ လွှတ်ကြောင်း သိရသည်။
စစ်ရေး လေ့ကျင့်ရာတွင် အသုံးပြုရန် တရုတ်နိုင်ငံမှ JH-7A အမျိုးအစား ဂျက် တိုက်လေယာဉ်များ၊ တင့်ကားများနှင့် ရဟတ်ယာဉ်များ ပေးပို့ရန် စီစဉ်ထားပြီး စစ်သည်များနှင့် စစ်လက်နက် ပစ္စည်းများ ပေးပို့မှု လုပ်ငန်းစဉ် ကို သြဂုတ်လ ၂ ရက်နေ့ နောက်ဆုံးထားကာ ပေးပို့မည် ဖြစ်သည်။ နှစ်နိုင်ငံ စစ်ဘက်၏ သတင်း ထုတ်ပြန်ချက်အရ ယင်းအကြမ်းဖက် နှိမ်နင်းရေး စစ်ရေး လေ့ကျင့်မှုကို ‘ငြိမ်းချမ်းရေးမစ်ရှင် ၂၀၁၃’ ဟု ခေါင်းစဉ် ပေးထားပြီး ရုရှားနိုင်ငံ ယူရယ် တောင်တန်းဒေသရှိ ချယ်လာဘန်ဆတ်မြို့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ စစ်ရေး လေ့လာ စောင့်ကြည့်သူများက အင်အားကြီး နှစ်နိုင်ငံ၏ အဆိုပါ လေ့ကျင့်မှုသည် အကြမ်းဖက် ဆန့်ကျင်ရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးကို ဦးတည်သည်မှာ မှန်သော်လည်း မှားယွင်းသော အချက်ပြ မှုများ မပြမိရန် လိုအပ်ကြောင်း သတိပေး ပြောဆိုထားသည်။
သို့သော် တရုတ်နှင့် ရုရှား စစ်ဘက် နှစ်ရပ်စလုံးက ‘ယခု စစ်ရေး လေ့ကျင့်မှု သည် တတိယအုပ်စု (သို့) နိုင်ငံ တစ်ခုခုကို ဦးတည်ခြင်း လုံးဝ မရှိကြောင်း၊ နှစ်နိုင်ငံ လက်နက်ကိုင်များအကြား အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးကိုသာ ဦးတည်ပါကြောင်း’ ထုတ်ဖော် ကြေညာထားပြီး ဖြစ်သည်။ တရုတ်နိုင်ငံ စစ်တပ်သည် ယခုနှစ်ပိုင်းများအတွင်း ဒေသတွင်းသာမက အခြား ကမ္ဘာ့နိုင်ငံများမှ စစ်တပ်များနှင့် ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရေး အတွက် အစွမ်းကုန် ဆောင်ရွက်လာသည်ကိုတွေ့ ရကြောင်း လေ့လာ စောင့်ကြည့်သူတို့က ပြောကြားသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks