-->

Tuesday, August 13, 2013

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် ရခိုင် မျိုးနွယ်စုဝင် ၁၅၀၀ ကျော်ကို အိန္ဒိယ အစိုးရ နေရပ် ပြန်ပို့

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် ရခိုင် မျိုးနွယ်စုဝင် ၁၅၀၀ ကျော်ကို အိန္ဒိယ အစိုးရ နေရပ် ပြန်ပို့တိုက်ခိုက်ခံရမှု များကြောင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေး ခိုလှုံနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရခိုင် မျိုးနွယ်စုဝင် ၁၅၀၀ ကျော်ကို အိန္ဒိယ အစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရကို ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး သြဂုတ်လ ၁၂ ရက်နေ့ ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ် မြို့နယ်ရှိ အာတီဗာသိ အဖွဲ့မှ အတွင်းရေးမှူး ဦးဦးထွန်းလှက The Voice သို့ ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ ခါ့ရ်ခရဆော်ရီမြို့နယ် တွင် ဘင်္ဂါလီ ဆိုင်ကယ် ကယ်ရီသမား တစ်ဦးကို ရခိုင် မျိုးနွယ်စုဝင်များ က ပြန်ပေးဆွဲသည် ဟူသော ကောလာဟလ သတင်း အခြေခံကာ ယင်းဒေသတွင် နေထိုင်သည့် ရခိုင် တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဖြစ်သည့် မရာမာ၊ သက်၊ ဒိုင်းနက်များကို ဘင်္ဂါလီများက နေအိမ်များကို မီးရှို့၊ တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ နယ်စပ် ထရိပူရဒေသများသို့ ထွက်ပြေး ခိုလှုံနေရကြောင်း အာတီဗာသိ အဖွဲ့မှ သိရှိရသည်။
ယင်းဒုက္ခသည် များကို ဘင်္ဂလားဒေ့ရှ် အစိုးရက နစ်နာကြေးအဖြစ် မိသားစု တစ်စုလျှင် တာကာ ၂၅,၀၀၀ (ကျပ်သုံးသိန်း ဝန်းကျင်) ကူညီပေးပြီး အိမ်မဲ့နေသူများအတွက် ယာယီ ရွက်ဖျင်တဲများ ဆောက်လုပ်ပေး ထားကြောင်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားနပ် ရိက္ခာများလည်း ကူညီထား ပြီး အိမ်ဆောက်ပေးမည် ဟုလည်း ကတိပေး ထားကြောင်း ဦးဦးထွန်းလှက ဆိုသည်။
“အိမ်တွေ ပြန်ဆောက်ပေးဖို့ ပြောတာပါပဲ။ ဘင်္ဂလား အစိုးရက ဘယ်တုန်း က ကတိတည်ဖူးလို့လဲ” ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ကတိအတိုင်း လုပ်ဆောင်မှု အားနည်းခြင်း အပေါ် ၎င်းက မေးခွန်းထုတ် သည်။ သြဂုတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခိုက် ခံရမှုကြောင့် ရခိုင် မျိုးနွယ်စုဝင် ၁၂ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသမီး တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း၊ ယင်းတိုက်ခိုက်မှု တွင် ကျေးရွာ လေးရွာမှ အိမ်ခြေ ၃၅ လုံး မီးရှို့ခံခဲ့ရပြီး နေအိမ် ၂၀၀ ကျော် ပျက်စီး ခံခဲ့ရကြောင်း အာဒီဗာသိ (မွတ်ဆလင် မဟုတ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်သည့် ဌာနေ တိုင်းရင်းသားများ အဖွဲ့) အဖွဲ့၏ စာရင်းများအရ သိရှိရသည်။
တိုက်ခိုက်မှုတွင် ဦးဆောင်သူဟု ယူဆရသူ လေးဦးကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဖမ်းဆီးပြီး သံသယရှိသူ ၃၀၀ ကျော်ကိုလည်း စာရင်း ပြုစုကာ လိုက်လံ ဖမ်းဆီးနေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများ တွင် ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်တန်း နယ်အတွင်း ဘင်္ဂါလီများက ရခိုင် မျိုးနွယ်စု များ အပါအဝင် အခြား လူမျိုးများအပေါ် တိုက်ခိုက်မှုသည် ၂၀၁၃ ခုနှစ်တွင် ယခုအကြိမ်ဆိုလျှင် ငါးကြိမ်ရှိပြီ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks