ကိုယ်ပိုင် ကျောင်းလက်မှတ် မရှိသော ပုဂ္ဂလိက ဘော်ဒါကျောင်း တစ်ခုသည် ကျောင်းသား၊
ကျောင်းသူများအား အချိန်ပြည့် စာသင်ခြင်း၊ စာမေးပွဲ စစ်ဆေးခြင်းတို့
ပြုလုပ်ခဲ့ပြီး ကျောင်းပြောင်း လက်မှတ် ထုတ်မပေးနိုင်ခြင်းကြောင့်
လှိုင်သာယာ ရဲစခန်းတွင် အရေးယူ ခံနေရပြီ ဖြစ်သည်။ လှိုင်သာယာ မြို့နယ်၊ န၀ဒေး
အိမ်ရာရှိ ပုဂ္ဂလိကဘော်ဒါ ဆောင်တစ်ခု၌ ယခင် ပညာ သင်နှစ်တွင် ဆဋ္ဌမတန်း၊
သတ္တမတန်း၊ အဋ္ဌမတန်း၊န၀မတန်း ပညာသင် ယူသော ကျောင်းသား၊ ကျောင်းသူများသည်
ယခုပညာ သင်နှစ်တွင် ၎င်းဘော်ဒါကျောင်း၌ ဆက်လက် ပညာသင် ယူလိုခြင်း မရှိတော့
သဖြင့် ကျောင်းထွက် လက်မှတ် ထုတ်ပေးရန် တောင်းဆိုခဲ့ရာ ထုတ်ပေးနိုင်ခြင်း
မရှိသဖြင့် ကျောင်းသား မိဘများက ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား
ခဲ့ကြခြင်းဖြစ်ကြောင်း ဇွန်လ ၁၁ ရက်၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏
မှုခင်းမှတ်တမ်း အရ သိရသည်။ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန်မြို့တို့ရှိ အခြေခံ ပညာကျောင်း များမှ ကျောင်းအုပ်ကြီး များကို ငွေကြေးပေး၍ ကျောင်း သားများအား နားလည်မှုဖြင့် ကျောင်းအပ်ပြီး ဘော်ဒါဆောင် ၌သာ နေထိုင်စာသင် စေခြင်းတို့ ပြုလုပ်ခဲ့ပြီး ကျောင်းသား ၄၀ ခန့်က ဆက်လက် ပညာသင်ကြား လိုခြင်းမရှိတော့၍ ကျောင်းပြောင်းလက်မှတ်တောင်းခံ ချိန်တွင် ပြဿနာ ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
“အစိုးရ အသိအမှတ် မပြုတဲ့ ကိုယ်ပိုင်ဘော်ဒါ ကျောင်းမှာ တက်တဲ့အတွက် ပြဿနာ တက်နေတာပါ။ သူတို့က ကျောင်းပြောင်း လက်မှတ်လည်း ထုတ်ပေးလို့ မရဘူးလေ။ အခြေခံ ပညာဦးစီး ဌာနကို လာအကူအညီ တောင်းပေမယ့် ပြင်ပကိစ္စဖြစ်နေတဲ့ အတွက် တိုင်းဒေသကြီး အစိုးရ ဆီသွားဖို့ ညွှန်လိုက်တယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျောင်းသားတွေ မနစ်နာအောင်၊ပညာသင်ယူခွင့် မဆုံးရှုံးအောင် ညှိနှိုင်းမှုတွေ လုပ်ပေးနေပါတယ်" ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
ရှစ်နှစ်ခန့် သက်တမ်း ရှိပြီဖြစ်သော ပုဂ္ဂလိက ဘော်ဒါကျောင်း တည်ထောင်သူက ကျောင်းသား များအား နားလည်မှုဖြင့် ကျောင်းအပ်နေသော ကျောင်းများ၏ အမည်အား ကျောင်းအုပ်ကြီးများ ပြဿနာ ဖြစ်မည်စိုး၍ ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ပြည်တွင်းရှိ အခြေခံ ပညာရေးစနစ်သည် ဒသမတန်း တွင်သာ တစ်နှစ်ကျရှုံး သူများကို ကျောင်းပြင်ပဖြေဆိုနိုင်သည့် စနစ်ကို ကျင့်သုံး နေခြင်းဖြစ်ပြီး အခြားအတန်းများနှင့် တက္ကသိုလ်ဝင်တန်း တက်ကျောင်းသားများ အနေဖြင့် အစိုးရကျောင်း သို့မဟုတ် ကိုယ်ပိုင်ကျောင်းတွင် အချိန်ပြည့် တက်ရောက်ရန် သတ်မှတ် ထားသည်။
မြို့ကြီးများအပါအ၀င် နယ်မြို့များတွင် အစိုးရကျောင်းအချို့မှ ကျောင်းအုပ်ကြီးများအား ငွေကြေးပေး၍ နားလည်မှုဖြင့် ကျောင်းအပ်နှံပြီး ပြင်ပကျုရှင်နှင့် ဘော်ဒါကျောင်းများတွင် အချိန်ပြည့်ပညာသင်ယူစေသော အလေ့အထမှာ စစ်အစိုးရလက်ထက်ကပင် တိုးတိုးတိတ်တိတ် ကျယ်ပြန့်နေခဲ့သည်။ တက္ကသိုလ်ဝင်တန်းထူးချွန်စွာ အောင်မြင်စေလိုသောမိဘများက သားသမီးများကို နာမည်ကြီးဘော်ဒါကျောင်းတွင် အချိန်ပြည့် ပညာသင်ကြားခွင့်ရရှိစေရန် အစိုးရကျောင်းမှ ကျောင်းအုပ်ကြီးများအား ငွေပေး၍ကျောင်းသားစာရင်းပေးသွင်းကြခြင်းဖြစ်သည်။ စစ်အစိုးရလက်ထက်က ပုဂ လိကပညာရေးကို အသိအမှတ်မပြုခြင်းကြောင့် တရားမ၀င်ကျယ်ပြန့်ခဲ့သော အလေ့အထသည် လက်ရှိအချိန်ထိ နေရာအတော်များများတွင် ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။
“အဓိကကတော့ စာမေးပွဲဝင်ဖြေခွင့်ရဖို့အတွက် ကျောင်းအပ်ကြတာပါ။ ကျောင်းမှာ စာရင်းတော့ရှိနေပေမယ့် ကျောင်းသားက ဘော်ဒါဆောင်ရောက်နေတယ်။ လူမရှိဘဲ စာရင်းသွင်းထားတာပေါ့။ အရင်နှစ်တွေထဲက ဖြစ်နေခဲ့တာပါ။ တိုင်စာတွေရောက် လာတာလည်းရှိတယ်” ဟု မြို့နယ်ပညာရေးမှူးရုံးတစ်ခုမှ ၀န်ထမ်းတစ်ဦးကဆိုသည်။ ပညာရေးဝန်ကြီးဌာနသည် ကိုယ်ပိုင်ကျောင်းဥပဒေပြဌာန်းပြီးနောက် ယခင်ပညာသင်နှစ်မှစ၍ ကိုယ်ပိုင်ကျောင်း ၆၆ ခုအား တရားဝင်ဖွင့်လှစ်ခွင့်ပြု၍ အချိန်ပြည့် ပညာသင်ယူခွင့်နှင့် န၀မတန်းထိ စာမေးပွဲစစ်ဆေးခွင့်များ ဆောင်ရွက်စေခဲ့သည်။
သို့သော်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဘော်ဒါကျောင်းတွင်သာ အချိန်ပြည့် ပညာသင်ကြားလိုသည့် ကျောင်းသားပမာဏနှင့် တရားဝင်အသိအမှတ်ပြုသော ကိုယ်ပိုင်ကျောင်းအရေအတွက် အင်အားမမျှခြင်းကြောင့် လိမ်လည်စာရင်းသွင်းသော အလေ့အထဆက်လက်ကျယ့်ပြန့်နေဆဲဖြစ်သည်။
“ကိုယ်ပိုင်ကျောင်းတစ်ခုကို သွားအပ်တာ လူပြည့်နေပြီဖြစ်နေတယ်။ အစတည်းက ဆယ်တန်းရောက်ရင် အပြင်မှာထားမယ် စိတ်ကူးထားတာပါ။ တခြားအဆင်ပြေတဲ့ ဘော်ဒါကျောင်းတစ်ခုမှာ အပ်လိုက်တယ်။ ကိုယ်ပိုင်ကျောင်း လက်မှတ်တော့မရထားဘူး။အစိုးရကျောင်းတစ်ခုမှာ အပ်လိုက်တာ (ကျပ်)နှစ်သိန်းသတ်သတ်ထပ်ပေးရတယ်” ဟု ရန်ကုန်မြို့ရှိ ကျောင်းသားမိဘတစ်ဦးကပြော သည်။ ယင်းကဲ့သို့ ကျောင်းအုပ်ကြီးအချို့အား ငွေကြေးပေး၍ ကျောင်းသားစာရင်းပေးသွင်းများမှာ နှစ်ကာလကြာခဲ့ပြီဖြစ်သော်လည်း ယခုချိန်မှ လူသိရှင်ကြားပြဿနာဖြစ်ပေါ်ပြီးနောက် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသောဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည် အထက်ပါဖြစ်ရပ် အခြေအနေသည် ငွေကြေးပေး၍စာရင်းပေးသွင်း ကျောင်းအပ်သော ကျောင်းသားများအတွက် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ပညာသင်ယူခွင့် ထိခိုက်နိုင်ကြောင်း သတိပေးလိုက်ခြင်းဖြစ်သည်။ “အစိုးရကျောင်းမှာ အပ်ပြီး တရားဝင်အသိအမှတ်မပြုထားတဲ့ ဘော်ဒါကျောင်းတွေမှာ အချိန်ပြည့်စာသင်နေတာ တရားမ၀င် ပါဘူး။ ခုက ပြသာနာဖြစ်ပွားလို့ လာရောက်တိုင်ကြားတာဖြစ်နေတယ်။ အဲ့ဒီလိုတိုင်ကြားမှပဲ အရေးယူဆောင်ရွက်လို့ရမှာပါ။ မတိုင်တာတွေကတော့ ဘာမှလုပ်လို့မရဘူးလေ” ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကဆိုသည်။
ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခွင့် မရရှိထားသော ဘော်ဒါကျောင်းအချို့သည် အခြေခံပညာကျောင်းအုပ်အချို့အား ငွေကြေးပေး၍ ကျောင်းသားများအား နားလည်မှုဖြင့်ကျောင်းအပ်ကာ အချိန်ပြည့်ပညာသင်ခွင့်များရရှိအောင် ဆောင်ရွက်မှုများရှိနေဆဲဖြစ်ပြီး အရေးယူဆောင်ရွက်ရန် လိုအပ်ချက်များရှိနေဆဲဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်သည် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေကို ၂၀၁၁ ခုနှစ်၊ဒီဇင်ဘာလ ၂ ရက်တွင် ပြဋ္ဌာန်းလိုက်ပြီး ကိုယ် ပိုင်ကျောင်းမှတ်ပုံတင်နည်းဥပဒေများကို ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်လိုက်ကာ အခြေခံပညာရေးကဏ္ဍတွင် ပုဂလိလုပ်ငန်းများ ပါဝင်ဆောင်ရွက်မှုကိုတရားဝင် အသိအမှတ်ပြုပေးခဲ့သည်။
အဆိုပါကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေနှင့် နည်းဥပဒေများတွင် ကိုယ်ပိုင်ကျောင်းနှင့်သက်ဆိုင်သော သတ်မှတ်ပြဋ္ဌာန်း ချက်များနှင့် ကိုယ်ပိုင်ကျောင်းလျှောက်ထားလိုသူများအတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များကို ဖော်ပြထားသည်။ လက်ရှိတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်နေသော ဘော်ဒါကျောင်းများ၊ ကျုရှင်များနှင့် သက်ဆိုင်သော သတ်မှတ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများမှာ အထက်ပါဥပဒေများတွင် ပါဝင် နေခြင်း မရှိသည်ကို တွေ့ရသည်။ ကိုယ်ပိုင်ကျောင်းလက်မှတ် ရရှိထားသော ဘော်ဒါကျောင်းများအနေဖြင့် အချိန်ပြည့်သင်ကြားခွင့် န၀မတန်းထိ အတန်းတင်စာမေးပွဲ စစ်ဆေးခွင့်ရှိနေသော်လည်း မည်သည့်ဘော်ဒါ၊ ကျူရှင်ကျောင်းများမှမဆို ကျောင်းသားများသည် အစိုးရကျောင်းသို့တက်ရောက်ရန် လိုအပ်နေဆဲဖြစ်သည်။
ထို့ကြောင့် ဘော်ဒါကျောင်းပိုင်ရှင် အချို့ကလည်း ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေကို သဘောကျကျေနပ်ခြင်းမရှိဘဲ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသားများ လွတ်လပ်စွာဝင်ရောက်ဖြေဆိုခွင့်စနစ်ကို ကျင့်သုံးစေလိုသောဆန္ဒရှိကြောင်း ပြောဆိုနေကြသည်။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနက ကိုယ်ပိုင်ကျောင်းအရေအတွက် ၁၀၀ ကျော်တိုးမြှင့် ချထားပေးရန် စီစဉ်နေခြင်းကြောင့် ပုဂ္ဂလိက ပညာရေးတွင် အချိန်ပြည့်ပညာသင်ယူလိုသော ကျောင်းသားများအနေဖြင့် ဘော်ဒါကျောင်းများတွင် စာရင်းလိမ်တက်ရောက်ရသော အခြေအနေများကြုံတွေ့နေရမှု လျော့ကျသွားမည်ဟု မျှော်လင့်ရသည်။
နေလင်းထွန်း








0 comments:
Post a Comment