-->

Thursday, June 20, 2013

အမိုးပေါ်ခရီးသည်တင် ဟိုင်းလပ်ယာဉ် နှစ်ရာကျော်ဖမ်းမိ

အမိုးပေါ်ခရီးသည်တင် ဟိုင်းလပ်ယာဉ် နှစ်ရာကျော်ဖမ်းမိအမိုးပေါ်တွင် ခရီးသည် တင်သည့် ဟိုင်းလပ် ယာဉ်များကို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီနှင့် မထသ (ဗဟို) တို့ ပူးပေါင်း၍ ဖမ်းဆီးရာ ဟိုင်းလပ်ယာဉ် ၂၉၆ စီးကို ဇွန်လအတွင်း ဖမ်းဆီး အရေးယူထားကြောင်း မ.ထ.သ (ဗဟို) မှ စုံစမ်း သိရှိရသည်။
ဟိုင်းလပ်ယာဉ် ၂၉၆ စီးကို ဇွန်လ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၇ ရက်နေ့တို့တွင် စီမံချက်ဖြင့် ခရေပင်လမ်းခွဲ မှတ်တိုင်တွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း မထသ(ဗဟို)မှ စည်းကမ်း ထိန်းသိမ်းရေး ဌာနခွဲမှူး ဦးကာကျော်က The Voice သို့ ပြောကြားသည်။
ဖမ်းဆီးရမိသည့် ယာဉ်များထဲမှ ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသော ယာဉ်များကို စည်းကမ်းချက် (၁၃၈) ချက်ဖြင့် အရေးယူသွားမည် ဖြစ်ပြီး ရန်ကုန်မှ ပဲခူးသို့ ပြေးဆွဲနေသော ယာဉ်များကိုမူ ပြည်တွင်း ကုန်းလမ်းနှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့သို့ အရေးယူပေးရန် တိုင်းဒေသကြီး အစိုးရသို့ တင်ပြထားကြောင်း ၎င်းကဆက်လက်ပြောသည်။
“အမိုးပေါ်ကို ပစ္စည်းတို့ လူတို့ မတင်ရင် နေ့တွက်မကိုက်ဘူး”ဟု မှော်ဘီမှ ရန်ကုန်သို့ ပြေးဆွဲနေသော (၁၃၁) ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောပြသည်။ ရန်ကုန်မှ မှော်ဘီသို့ ပြေးဆွဲနေသော ဟိုင်းလပ်များသည် အမိုးပေါ်သို့ ခရီးသည်များကို ညဦးပိုင်းတွင် ဆက်လက် တင်ဆောင်နေကြောင်း မင်္ဂလာဒုံမြို့နယ်မှ အငှားယာဉ် မောင်းနှင်သူ ကိုအောင်သူရကThe Voice သို့ ပြောကြားသည်။
“များများ ဖမ်းဖို့ လိုတယ်။ အခုလို တင်တာ အန္တရာယ် အရမ်းများတယ်”ဟု ၎င်းကဆိုသည်။ ယခုကဲ့သို့ ယာဉ်စည်းကမ်း ဖောက်ဖျက်သော ယာဉ်များကို အရေးယူရန် ဧပြီလ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီအဖွဲ့နှင့် မ.ထ.သ (ဗဟို) တို့အား ညွန်ကြားထားသည်။
                                                                                                                                       ကောင်းဆက်နိုင်

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks