- BY 7DAY NEWS
သေးကွေး ချည့်နဲ့နေပြီး စကားပင် ကောင်းကောင်း မပြောနိုင်သည့် သူ့ကို မြန်မာနိုင်ငံတွင် အီးတီဟု လူသိ များသည်။ စစ်ဗိုလ်ချုပ်ကြီး များမှ စ၍ နိုင်ငံခြားမှ နိုင်ငံရေးသမားများအထိ လူကုံထံနှင့် အာဏာရှင် တို့၏ အနာဂတ်ကို နှစ်ပေါင်းများစွာ တိုးတိုး တိတ်တိတ် သူကဟောကိန်း ထုတ်ခဲ့သည်။ မြန်မာ၏ ထူးဆန်းထွေလာ အကြားအမြင်ရသူကို စစ်ဗိုလ်ချုပ်ကြီးများက အကြံဉာဏ်များ တောင်းခံခဲ့သည်။ သူ့ကိုယ်တွင်း အင်္ဂါများက ခန္ဓာကိုယ်ထဲတွင် ဘက်မှားပြီး ရောက်နေသည်ဟု မိသားစုများကပြောသည်။ မသန်စွမ်းဖြစ်နေသည့် အီးတီကို ဘယ်နေရာကြည့်ကြည့်ဆန်းကြယ်နေပုံရသည်။
“ကျွန်မညီမက သိပ်ကြီး မြတ်တယ်။ ထူးခြားတယ်”ဟု အစ်မဖြစ်သူ သီသီက အေအက်ဖ်ပီနှင့် ဘန်ကောက်မြို့တွင် အင်တာဗျူးစဉ် ပြောသည်။ အရှေ့တောင် အာရှ တစ်ခွင်လုံးက သူ့လမ်းညွှန်ချက်ကို မေးကြသည်ဟုလည်းဆိုသည်။ “နိုင်ငံရေးသမားက တချို့ ၊ စီးပွားရေးသမားကတချို့.. လူတိုင်းပျော်တယ်။ နာမည်ကြီးလာတယ်”ဟု အီးတီ အတွက် သီသီ ကဘာသာ ပြန်ဆောင်ရွက် ပေးနေသည်။ မြန်မာ အကြား အမြင်ရသူက မြန်မာပြည် တွင်းက ရှင်းမပြခဲ့သည့် ဖြစ်ရပ်များ၏ နောက်ကွယ်တွင် ရှိနေပုံ ရသည်။
၂၀၀၅ ခုနှစ်တွင် ရုတ်တရက် မြို့တော်ပြောင်းရန် စစ်အာဏာ ရှင်များ၏ ဆုံးဖြတ်ချက်မှ စ၍ စစ်ဗိုလ်ချုပ်ကြီးများ၊ အမျိုးသမီး ထဘီများကို ၀တ်ဆင်သည့် အူကြောင် ကြောင် ဖြစ်ရပ်များ အထိပင်။ မိန်းမ တစ်ယောက် နိုင်ငံမှာ သမ္မတ မဖြစ်အောင်နိုင်ငံ့ ထိပ်သီးများ ကထဘီ ၀တ်၍ ဓာတ်ရိုက်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အလွန်အယူ သီးကြသည်ဟု ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်က ဆိုသည်။
လူထုနှင့် ဆယ်စုနှစ်ပေါင်းများစွာ ကင်းကွာနေသည့် လျှို့ဝှက် ချက်အပြည့်နှင့် စစ်အာဏာရှင်များ၏ လုပ်ရပ်များတွင် ထူးဆန်းထွေလာအကြားအမြင်သမားများက လွှမ်းမိုးနေခဲ့သည်။ စစ်ခေါင်းဆောင်များကသူတို့ အာဏာမြှင့်တင်ရေးအတွက် ဓာတ်ရိုက်ဓာတ်ဆင်များလုပ်ခဲ့ကြောင်း ကောလာဟလများထွက်လာသည်ဟု ဆိုသည်။ ရှေးမြန်မာမင်းများ လက်ထက်ကတည်းက နက္ခတ်ဗေဒင်များကို ပုံမှန်မေးမြန်းခဲ့သည်များရှိခဲ့သည်ဟု ဦးအောင်ဇော်ကပြောသည်။
မြန်မာနိုင်ငံကို နှစ် ၃၀ ခန့် အုပ်စိုးသွားသော အာဏာရှင်ဦးနေ၀င်းလက်ထက်ကလည်း သူ၏ဗေဒင်ဆရာကို အားထားပြီး ယတြာချေမှုများနှင့် အနာဂတ်ကိုပြင်ဆင်ခဲ့သည်။ ယခင်စစ်ခေါင်းဆောင်က ယတြာချေရာတွင် မှန်ရှေ့တွင်ရပ်ပြီး မှန်ထဲတွင်ပေါ်သော သူ့ပုံကို သေနတ်ဖြင့် ပစ်သည်အထိလုပ်ခဲ့သည် ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ကြောင်း ယခင်အာဏာရှင်အုပ်ချုပ်မှုကို နှစ်ရှည်လများလေ့လာခဲ့သူ နိုင်ငံခြားသုတေသီတစ်ဦးက ပြောသည်။ လက်ရှိ မြန်မာသမ္မတဦးသိန်းစိန်သည်ပင် အကြားအမြင်ပေါက်သူများ၏ ဟောကိန်းဆိုသည်များကို ပေါ်ပေါ်ထင်ထင်ပင် လက်ခံကြောင်း သူ၏ပြောဆိုချက်များက ဖော်ပြနေသည်။
“နက္ခတ်ဗေဒင်အကြောင်း ကျွန်တော်သိပ်များများမသိပါဘူး။ ဒါပေမမဲ့ ဒီအကြောင်းကောင်းကောင်းသိတဲ့သူတွေ မြန်မာနိုင်ငံမှာရှိတယ်”ဟု ပြင်သစ်ရေဒီယို France -2 နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ဦးသိန်းစိန်ကပြောခဲ့သည်။ “တစ်ခါတလေ သူတို့က ကျွန်တော့်ကို အကြံပေးပါတယ်။ နက္ခတ်ဗေဒင်သဘောအရ တိုင်းပြည်ရဲ့ အခြေအနေကို ဘယ်လို ရိုက်ခတ်မှုတွေရှိမယ်ဆိုတာမျိုး။ ကျွန်တော်ကလည်း ဒီအကြံတွေကိုလိုလိုလားလားပဲ ထည့်သွင်းစဉ်းစားပါတယ်” ဟု ၎င်းကပြောသည်။
အသက် ၄၀ခန့်ရှိနေသည့် အီးတီသည် ထိုင်းနိုင်ငံယခင်ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်နှင့်လည်းတွေ့ဆုံပြီး သူ့အာဏာတက် လမ်းအတွက် ဟောကိန်းထုတ်ခဲ့ဖူးသည်ဟု သီသီကပြောသည်။ “သူက ကျွန်မညီမကိုလာတွေ့တယ်လေ။ အဲဒီတုန်းက သူက ဖုန်းလုပ်ငန်းမှာပေါ့။ နိုင်ငံရေးမဟုတ်သေးဘူး”ဟု ၎င်းကဆိုသည်။ သက်ဆင်က ၂၀၀၆ ခုနှစ် အာဏာအသိမ်းမခံရမီ ရက်ပိုင်းအတွင်း အီးတီကိုလာတွေ့သွားသည်ဟုဆို သည်။
သို့သော် သီသီကအသေး စိတ်ပြောရန် ငြင်းဆိုခဲ့သည်။ သူ့ညီမ၏ ယခင်ဟောကိန်းများသည် ၈၀ ရာခိုင်နှုန်းမှန်ကန်ခဲ့သည်ဟုဆိုသည်။ ပြီးခဲ့သည့် နှစ် ၃၀အတွင်း အီးတီသည် ဂျပန်၊ တရုတ်၊ စင်ကာပူ၊ ထိုင်းအပါအ၀င် နိုင်ငံအတော်များများကိုသွားရောက်ခဲ့သည်ဟုဆိုသည်။ သူ၏ ၀င်ငွေတစ်စိတ်တစ်ပိုင်းကို ဆေးရုံဆောက်လုပ်ရေးတွင် ထည့်ဝင်ထားသည်ဟုဆိုသည်။ တစ်ခါတစ်ရံ နိုင်ငံခြားသားများ ပါဝင်သော သူ့ဧည့်သည်များထဲတွင် အများအားဖြင့် ပြည်တွင်းစီးပွားရေးသမားများနှင့် ချမ်းသာသောအာရှ သားများဖြစ်ကြသည်။
“အပွိုင့်မန့်ရဖို့ မလွယ်ဘူး”ဟု နိုင်ငံခြားသံတမန်တစ်ဦးကပြောသည်။ ယခုအခါ ဈေးကလည်း တစ်ခါဟော ဒေါ်လာတစ်ရာဖြစ်သွားပြီ ဟုဆိုသည်။ အီးတီးက သူ၏ ဟောကိန်းကို ဧည့်သည်၏ အိတ်တွင်းမှ မမြင်ရသည့်ဒေါ်လာငွေစက္ကူနံပါတ်ကို ပြောသည့်နည်းဖြင့် ယုံကြည်မှုရယူ သည့်နည်းကို သုံးနေပြီဟု အဆိုပါ သံတမန်ကဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်သည့် ၂၀၁၀ခုနှစ်နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် မည်မျှလွတ် လပ်စွာလှုပ်ရှားနိုင်မည်နည်းဟု သံတမန်က အီးတီကို ဟောကိန်းထုတ်ရန်ပြောခဲ့သည်။
အီးတီက နိုင်ငံရေးနှင့် ထီပေါက်၊ မပေါက်ဆိုသည်များတော့ မဟောကြားဘူးဟု ကတိပေးထားပါသည်။ သို့သော်လည်း ဒေါ်အောင် ဆန်းစုကြည်က ပိုမိုပြီးလွတ်လပ်လှုပ်ရှားခွင့်ရမည်ဟု အီးတီကပြောကြားခဲ့ကြောင်း အဆိုပါသံတမန်က ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီးကတည်းက သမ္မတ အရွေးခံရန် ဦးတည်ပြင်ဆင်နေ ပြီဖြစ်သည်။ အိသီဟုရေးကြသည့် အီးတီက နှလုံးရောဂါဖြင့်သေဆုံးရမည်ဟု သူ့ကိုယ်သူ ဟောကိန်းထုတ်ခဲ့ပါသည်။
သို့သော်လည်း သူ့အစ်မဖြစ်သူက အီးတီက နောင်ဘ၀မှာ ပိုကောင်းသည့် ဘ၀ကိုရောက်မည်ဖြစ်သည့်အတွက် စိတ်ပူပန်မှုမရှိကြောင်းဆိုသည်။ အီးတီ၏ သရဲတစ္ဆေနှင့် အနာဂတ်ကို မြင်နိုင်စွမ်းအားများသည် ငယ်စဉ်ကလေးဘ၀ကအများကြီး နေ့စဉ်ဘုရားကိုဆုတောင်းနေရာမှ ရရှိလာခဲ့သည်ဟု အီးတီမိသားစုက ပြောကြားသည်။ တခြားဗေဒင်ဆရာများကတော့ အီးတီကဲ့သို့ မဟုတ်ကြပါ။
ဟိန်းဝင့်ဇော်က “သူက နာမည်ကြီး ဗေဒင်ဆရာဆီမှာ ဗေဒင်၊ တဲ့ရော့၊ ဂဏန်းဗေဒင်ပညာများကို ငါးနှစ်ကြာအောင်တခြား တပည့် ၁၀၀ ကျော်နှင့်အတူ သင်ယူခဲ့ပြီးကိုယ်ပိုင်ဟောခန်းဖွင့်ရန် ထိုင်းနိုင်ငံသို့ပြောင်းရွှေ့ခဲ့သည်ဟုဆိုသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးက မဟာချိုင်စက်မှုဇုန်မှာရှိသည့် သူ့ဟောခန်းက မြန်မာပြည်က အလုပ်သမားများနှင့် စည်ကားနေပါသည်။ မြန်မာအလုပ်သမားများသာ မက ထိုင်းလူမျိုးများကလည်း စကား ပြန်များနှင့် သူ့ဟောခန်းကို လာ ရောက်ကြပါသည်။ “ကျွန်တော်က ဘယ်တုန်းကမှ ကြော်ငြာနေစရာမလိုဘူး”ဟု ၎င်းကဆိုသည်။








0 comments:
Post a Comment