-->

Tuesday, June 25, 2013

ဟိုး ရှေးရှေးတုန်းက


ဟိုး ရှေးရှေးတုန်းကကျွန်ုပ်တို့ လူသား အများစုသည် ငယ်စဉ် ကလေးအရွယ်မှ စကာ ‘ဟိုး ရှေးရှေးတုန်းက’ ဆိုသော စကားလုံး အသုံး အနှုန်းနှင့် ရင်းနှီး ကျွမ်းဝင် ခဲ့ကြပါသည်။ မိဘ ဘိုးဘွားများက ပြောပြလေ့ ရှိသော အိပ်ရာဝင် ပုံပြင်များ၊ ယဉ်ကျေးလိမ္မာ သိမှတ်ဖွယ် ဇာတ်တော် များတွင် ‘ဟိုး ရှေးရှေးတုန်းက’ ဖြင့် အစပျိုးလေ့ ရှိပါသည်။
မြန်မာ တိုင်းရင်းသား များ၏ ဖြစ်ရပ်မှန် သမိုင်းဖြစ်စဉ်များ၊ ယင်းတို့နှင့် ဆက်နွှယ် နေသည့် သမိုင်းအခြေခံ ဇာတ်လမ်း များကို ပြောပြကြရာ တွင်လည်း ‘ဟိုး ရှေးရှေး တုန်းက’ ဖြင့်သာ နိဒါန်းဖွင့်လေ့ ရှိပါသည်။ အတိတ်က ဖြစ်ပျက် ခဲ့သော အခြေ အနေများကို သိစေဖို့၊ မှတ်သားစေဖို့၊ သင်ခန်းစာ ယူစေဖို့၊ အားကျ အတုယူစေဖို့ ရည်ရွယ်ကိုးကား ညွှန်းဆို ပြောပြ ကြသည်သာ ဖြစ်ပါသည်။
ဆောင်ရန်၊ ရှောင်ရန်များ ကိုလည်း ခွဲခြား၍ ရှင်းပြ တတ်ကြပါသည်။ မကောင်းသည် များကို ပစ်ပယ်၍ ကောင်းသည်များကို နှလုံးသွင်း လက်ခံဖို့ ဆိုဆုံးမလေ့ ရှိပါသည်။ ‘ဟိုး ရှေးရှေးတုန်းက’ ဆိုသော အကြောင်းအရာ များတွင် စက်ဆုပ် ရွံရှာဖွယ်များ၊ နာကြည်း စိတ်ပျက်ဖွယ်များ၊ ကဲ့ရဲ့ ပြစ်တင်ဖွယ်များ၊ အလွဲအမှား များလည်းပါ ရှိပါသည်။ ထို့အပြင် နှစ်သက် လိုလားဖွယ် ရာများ၊ ချမ်းမြေ့ ကြည်နူး ဖွယ်ရာများ၊ အံ့သြချီးကျူး ထောမနာ ပြုဖွယ်ရာများ၊ လေးစား စံထား ဖွယ်ရာများ၊ မျှတတည့်မတ်သော လမ်းစဉ် အမှန်များလည်း အများအပြား ပါရှိပါသည်။ အမှန်စင်စစ် ‘ဟိုး ရှေးရှေးတုန်းက’အကြောင်း အရာများ အားလုံးသည် ‘ယခု’ မဟုတ်တော့ သည်မှာ သေချာပါသည်။
ထို့ကြောင့် ‘ဟိုး ရှေးရှေးတုန်းက’ ဖြစ်စဉ် တချို့သည် မျက်မှောက် ကာလနှင့် ဆန့်ကျင်သွား သည်များ၊ မသက်ဆိုင်တော့ သည်များ၊ လိုက်နာ ကျင့်သုံးဖွယ် မဟုတ်တော့ သည်များ ဖြစ်သွားပါသည်။ သို့သော် တချို့သော ‘ဟိုး ရှေးရှေးတုန်းက’ ဖြစ်စဉ်များမှာမူ လက်ရှိ အချိန်အထိ ကိုက်ညီ မှန်ကန်နေသည်များ၊ အဓိပ္ပာယ်ရှိရှိ ပတ်သက်နေသည်များ၊ အစဉ်အမြဲ ရေရှည် ထိန်းသိမ်း ဆောက်တည် သွားကြရမည့် အရာများ ဖြစ်နေပါ သေးသည်။
ယနေ့သည် ‘ဟိုး ရှေးရှေးတုန်းက’နှင့် လုံးဝ ကွာခြားလျက် ရှိနေပြီဟု ဆိုရပါမည်။ လူကြီး မိဘများ အနေနှင့်လည်း စားဝတ်နေရေးနှင့် စီးပွားရေး လုပ်ငန်းများတွင်သာ အချိန်ပေး လုံးပန်းနေကြရသောကြောင့် အိပ်ရာဝင် ပုံပြင်ပြောရန်၊ သွန်သင်သြဝါဒ ပေးရန် မအားလပ်ကြတော့ပြီ ဖြစ်ပါသည်။ ‘ဟိုး ရှေးရှေးတုန်းက’ ဟူသော ဝေါဟာရသည် ဟိုး ရှေးရှေး အချိန်တုန်းက အသုံးတွင်ကျယ်ခဲ့သည်ဟုသာ ပြောရတော့မည် ထင်ပါသည်။ တတ်နိုင်လျှင် တတ်နိုင်သလို အမ်ပီသရီး၊ အမ်ပီဖိုး၊ တက်ဘလက်၊ လက်ပ်တော့ပ် စသည့် နည်းပညာ ကိရိယာတစ်ခုခု ဝယ်ပေးထားလိုက်ခြင်းသည် ‘ဟိုး ရှေးရှေး တုန်းက’ ဟု အစချီ ပြောပြခြင်းထက် ပို၍ လွယ်ကူ သက်သာလျက် ရှိနေပေသည်။
ကလေးလူငယ် များသည်လည်း ‘ဟိုး ရှေးရှေးတုန်းက’ ကို နားဆင်ရန် စိတ်မဝင်စားကြတော့။ တချို့ ကြားပင် မကြားဖူးကြတော့ပေ။ ဆွဲဆောင်မှု အားကောင်းသော အသစ်အဆန်း နည်းပညာ ပစ္စည်း အမျိုးမျိုးကိုသာ လိုလား စွဲမက်လျက် ရှိနေကြပါသည်။ ‘ဟိုး ရှေးရှေးတုန်းက’ မပေါ်ပေါက်ခဲ့သော၊ လက်လှမ်း မမီခဲ့သော နည်းပညာ ပစ္စည်းများသည် ယခုအခါ အရည်အသွေး အမျိုးမျိုး၊ ဈေးနှုန်း အမျိုးမျိုးဖြင့် လူကြီးလူငယ် အများစု၏ အနီးအနား လက်ဝယ်တွင် ရောက်ရှိ နေရာယူနေပြီ ဖြစ်ပါသည်။
‘ဟိုး ရှေးရှေးတုန်းက’ ပင်ကို စွမ်းရည်ကိုသာ အဓိက အသုံးချခဲ့ကြရသည်။ စာတွေ့ထက် လက်တွေ့ကိုသာ ဦးစားပေး သင်ယူခဲ့ကြရသည်။ ယနေ့ ခေတ်တွင်မူ အတန်းပညာ၊ အသိပညာနှင့် ပင်ကိုဉာဏ်ပညာ ဘာမှမရှိလျှင် တောင်မှ ခေတ်ပေါ် နည်းပညာ အသုံးအဆောင် များကို ကိုင်တွယ် စမ်းသပ်ကြည့်ရုံ၊ အထိအတွေ့ များရုံဖြင့် ပိုင်ပိုင်နိုင်နိုင် အသုံးပြုနိုင်ကြပြီ ဖြစ်ပါသည်။
ကောင်းသော၊ မကောင်းသော၊ အကျိုးပြုသော၊ မပြုသော အသိပညာ၊ အတတ်ပညာ၊ဖျော်ဖြေရေး မျိုးစုံကို စက္ကန့်ပိုင်း၊ မိနစ်ပိုင်း အတွင်း မိတ္တူပွား ရရှိနိုင်ကြပြီ ဖြစ်ပါသည်။ နေရာဒေသချင်း မည်မျှပင် ဝေးဝေး ချိတ်ဆက် ဖလှယ်နိုင်ကြပြီ ဖြစ်ပါသည်။ ‘ဟိုး ရှေးရှေးတုန်းက’ ကလေးလူငယ်များ၊ လူရွယ်လူကြီးများ အကြားတွင် ဇာတ်တော်များ၊ လောကနီတိများ၊ ဗေဒင်ဆန်းကျမ်း၊ အဂ္ဂိရတ်၊ သိုင်း အစရှိသော လောကီ ပညာရပ်များ၊ လောင်းကစား ပွဲလမ်းသဘင်များသာ ပြန့်ပွား ထွန်းကား ခဲ့လိမ့်မည်ဟု တပ်အပ် မပြောနိုင်သော်လည်း ယနေ့ခေတ်တွင်မူ အသုံးပြုနိုင်သော ပတ်ဝန်းကျင်ရှိ ကလေး လူငယ် အများစုသည် ထိတ်လန့် ချောက်ချားဖွယ် ဂိမ်းများ၊ မိုက်ရူးရဲ စိတ်ကြွဖွယ် ဇာတ်လမ်းများကိုသာ ခုံမင် စွဲလမ်းလျက် ရှိပါသည်။ အဖော်အချွတ်နှင့် လိင်ပြကွက် အမျိုးမျိုးသည်လည်း နည်းပညာ၏ ပံ့ပိုးမှုကြောင့် ယနေ့ခေတ် လူရွယ်လူကြီးများ အပါအဝင် ကြည့်ရှုလိုသူ၊ အသုံးပြုလိုသူတိုင်း ထံသို့ လွယ်လင့်တကူ ပျံ့နှံ့ရောက်ရှိ နေပြီ ဖြစ်ပါသည်။
ကျွန်ုပ်တို့ တိုင်းပြည်၏ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ကဏ္ဍများတွင်လည်း ‘ဟိုး ရှေးရှေးတုန်းက’ နှင့် ပစ္စုပ္ပန် အနေအထားကို နှိုင်းယှဉ်ကြည့် ကြရမည် ဖြစ်ပါသည်။ ‘ဟိုး ရှေးရှေးတုန်းက’ ပင် အစဉ်အလာ ကြီးမားခဲ့ကြောင်း၊ စွမ်းရည် ထက်မြက်ခဲ့ကြောင်း၊ သာယာဝပြော စည်ပင် ခဲ့ကြောင်း၊ ဘုန်းမီးနေလ အရှိန်အဝါ ထွန်းလင်း တောက်ပ ခဲ့ကြောင်းများကို သမိုင်း စာမျက်နှာများတွင် သိမှတ်ခဲ့ကြရပါသည်။
ထို့အပြင် အချင်းချင်း စိတ်ဝမ်းကွဲရန် လိုခဲ့မှုများ၊ အမေကျော် ဒွေးတော်လွမ်း၊ ပထွေး အဖေခေါ် လုပ်ခဲ့မှုများ၊ ဘယ်သူသေသေ ငတေမာ စိတ်ထားဖြင့် ကိုယ့် တိုင်းရင်းသားများအပေါ် အချောင် အခွင့်အရေးများ ရယူကာ ရက်စက်စွာ စီးပွားရှာ အမြတ် ထုတ်ခဲ့သူများ၊ အထက်ဖားအောက်ဖိ ခေါင်းညိတ် နောက်လိုက်များ၊ ပြည်သူကို မငဲ့ညှာသော မင်းဆိုးမင်းညစ်များ အကြောင်းကိုလည်း သိရှိ ခဲ့ကြရပါသည်။
“ဟိုးး ရှေးရှေးတုန်းက ပေါ့ကွယ်။ တိုင်းပြည်ကြီး တစ်ပြည်မှာ အကျင့် သီလ၊ ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ မင်းကောင်းမင်းမြတ် ဘုရင်ကြီးတစ်ပါး အုပ်ချုပ်သတဲ့။ သူနဲ့အတူ လက်ရုံးရည်၊နှလုံးရည် ထက်မြက်တဲ့ နောက်လိုက် အမတ်၊ အခြွေအရံ တွေလည်း ရှိသတဲ့ကွယ်။ အဲဒီအခါတုန်းက တိုင်းပြည်အနှံ့ မှာရှိတဲ့ မြေဆီမြေသားတွေကအစ ရာသီဥတု အခြေအနေတွေ၊ ကူးသန်း ရောင်းဝယ်မှုတွေအထိ အစစအရာရာ ညီညွတ် မျှတလို့ ပြည်သူပြည်သားတွေ အားလုံး အေးအေးချမ်းချမ်း၊ ရိုးရိုးသားသား လုပ်ကိုင် စားသောက် နေထိုင်ကြတယ်တဲ့။ အုပ်ချုပ်သူများနဲ့ ပြည်သူတွေ အပြန်အလှန် ယုံကြည်လေးစား ချစ်ခင်ကြလို့ ဘာသာ၊ သာသနာလည်း ထွန်းကား ထည်ဝါတယ်တဲ့ကွယ်။
အဲဒီနောက်ပိုင်းမှာတော့ ထင်ရာစိုင်း ကိုယ့်ဖို့သာ ကြည့်တတ်တဲ့ ရှင်ဘုရင်နဲ့ အာဏာရှင်အုပ်စု အပေါင်းအပါတွေ အုပ်ချုပ်ခဲ့ရာက ပင်ကိုကတည်းက သဘာဝ သယံဇာတမျိုးစုံ ကြွယ်ဝပြီး စည်ကား ကျယ်ပြောလှတဲ့ အဲဒီ တိုင်းပြည်ကြီး နာလန် မထူနိုင်အောင် ပျက်စီးပါလေရောတဲ့ကွယ်” ဟု အဘိုးအဘွားများက ပြောပြတတ်တာကို ယခုအချိန်မှာ ပြန်လည် ကြားယောင်နေမိပါသည်။ ယနေ့ ကျွန်ုပ်တို့ ပြောနေ၊ ဆိုနေ၊ ငြင်းခုံ ဆွေးနွေးနေရသည့် ‘ဟိုး ရှေးရှေးတုန်းက’ အခြင်းအရာများသည် အတိတ်က ဖြစ်ပျက်ခဲ့သည်များ ဖြစ်ပါသည်။
ဒါဆိုရင် ယခု ကျွန်ုပ်တို့ ဖြစ်စဉ် အလုံးစုံသည်လည်း လာမည့် အနာဂတ် လောကသားများက ရည်ညွှန်း ပြောဆိုကြမည့် ‘ဟိုး ရှေးရှေး တုန်းက’ အကြောင်းအရာများ ဖြစ်သွားပါလိမ့်မည်။ ကျွန်ုပ်တို့သည်လည်း နောင်တစ်ချိန်တွင် ‘ဟိုး ရှေးရှေးတုန်းက’ ထဲသို့ ရောက်သွားကြမည့် ဇာတ်ကောင်များပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ မည်သို့သော ဇာတ်ကောင်များ ဖြစ်သည်၊ မည်သည့် ဇာတ်လမ်းများ ကပြခဲ့ကြသည်၊ ကျွန်ုပ်တို့၏ ဇာတ်ကောင် စရိုက်များ၊ ဇာတ်လမ်း ဇာတ်ကွက်များကို အတုယူသင့်သည်၊ မယူသင့်သည်ကိုဖြင့် အနာဂတ် လောကသားများက သာလျှင် ဝေဖန်သုံးသပ် ဆုံးဖြတ်ကြမည် ဖြစ်ပါသည်။
သို့သော် ကျွန်ုပ်တို့အတွက် အထူး ကံကောင်းသော အခွင့်အရေးမှာ ‘ဟိုး ရှေးရှေးတုန်းက’ မဟုတ်သေးသည့် ပစ္စုပ္ပန် ကာလကို လက်ရှိရရှိ ပိုင်ဆိုင်နေခြင်းပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် နောင်လာနောက်သားများ အတုယူ စံထားနိုင်မည့် သူများ ဖြစ်လိုပါသလား။ နောင်လာနောက်သားများ အတွက် ရှောင်ရန် ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ခံရလိုပါသလား။ ဒါကိုတော့ ကိုယ်တိုင် စဉ်းစားဆင်ခြင် ဆုံးဖြတ်ကာ ပြုမူ လုပ်ဆောင်ကြရမည်သာ ဖြစ်ပါသည်။ 
လွင်ချန်ဖြိုး(နတ်မောက်)

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks