- By The Voice Journal
အကြမ်းဖက်မှု
ဖြစ်ပွားပြီးနောက် မလေးရှား နိုင်ငံမှ မြန်မာ နိုင်ငံသို့ ပြန်လာသော
မြန်မာ အလုပ်သမား တစ်ရက်လျှင် ၆၀ ဦးခန့် အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ အလုပ် လျှောက်ထားကြောင်း အဆိုပါ ဌာနမှ
ရုံးအဖွဲ့မှူး ဦးမောင်မောင်ကျော်က ပြောကြားသည်။မလေးရှား အပါအဝင် အခြားနိုင်ငံများမှ ပြည်တော် ပြန်လာသည့် မြန်မာများကို ပြည်တွင်းတွင် အလုပ်အကိုင် ရှာဖွေပေးရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကောင်တာဖွင့်ပြီး ဝန်ဆောင်မှု စတင်ပေးသည့် သုံးရက်အတွင်း အလုပ်သမား ၁၈၀ ဦးကျော် အလုပ် လျှောက်ထားကြောင်း ၎င်းကဆိုသည်။
အလုပ်သမား၊ အလုပ်အကိုင်၊ လူမှု ဖူလုံရေး ဝန်ကြီးဌာနက အလုပ် လျှောက်လွှာများကို စတင် လက်ခံသည့် ပထမနေ့ ဖြစ်သော ဇွန်လ ၁၉ ရက်နေ့တွင် ၈၃ ဦး၊ ဇွန်လ ၂၀ ရက်နေ့တွင် ၆၃ ဦး၊ ဇွန်လ ၂၁ ရက်နေ့တွင် ၃၆ ဦး အလုပ် လျှောက်ထား ခဲ့ကြကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရှိရသည်။ အလုပ်လျှောက်သည့် အလုပ်သမားဦးရေ ၁၈၀ ဦးကျော်အနက် မလေးရှားနိုင်ငံက ပြန်လာသူ မဟုတ်ဘဲ အလုပ်လျှောက်သူ ၁၂ ဦးပါဝင်သည်။
အလုပ်သမားများ အလုပ်ရှာပေးရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထားရှိသည့် ဝန်ကြီးဌာန၏ အရာရှိ တစ်ဦးကို ယာယီအဖြစ် ထားရှိခြင်းဖြစ်ပြီး လိုအပ်ချက်အပေါ် မူတည်ကာ အမြဲထားရန် စီစဉ်သွားမည် ဖြစ်ကြောင်း ဦးမောင်မောင်ကျော်က ပြောကြားသည်။
အလုပ်သမားများကို ကျွမ်းကျင်မှုအပေါ် မူတည်ကာ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးမည် ဖြစ်ပြီး လက်ရှိ အလုပ် လျှောက်ထားသည့် အလုပ်သမားများမှာ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်၊ အရောင်းဝန်ထမ်း၊ စက်ရုံလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့သူ အများဆုံး ပါဝင်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရှိရသည်။
မလေးရှားနိုင်ငံက ပြန်ရောက်လာသည့် အလုပ်သမားများကို ဧရာဝတီ ဖောင်ဒေးရှင်း၊ Air Bagan ကုမ္ပဏီ၊ Htin Thiha Trading ကုမ္ပဏီတို့က လိုအပ်သော အလုပ်နေရာများတွင် အလုပ် လျှောက်ထားပါက ဦးစားပေး ခန့်အပ်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီများက ပြောဆိုထားသည်။
အလုပ် လျှောက်လိုသူများသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တာဝန်ကျသော အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဝန်ထမ်းကိုဖြစ်စေ၊ Complaint Mechanism Centre ဖုန်းအမှတ်- ၀၆၇-၄၃၀၀၇၉ သို့ ဖြစ်စေ ဆက်သွယ် အလုပ်လျှောက်ထား နိုင်သည်။
မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ နောက်ပိုင်းတွင် မြန်မာ အလုပ်သမား ၄၀၀ ကျော် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး ဖြစ်သည်။








0 comments:
Post a Comment