ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်း ခရိုင် မှော်ဘီ မြို့နယ်နှင့် တိုက်ကြီး မြို့နယ် တို့တွင် လွန်ခဲ့သော တစ်ပတ်မှ စ၍ ဝက်များသည် ပုံမှန် မဟုတ်သော သေဆုံးမှု များပြား လာကြောင်း ဒေသခံ များက The Voice သို့ ပြောကြားသည်။
ဇွန်လ တတိယ ပတ်တွင် ရပ်ကွက် ထဲ၌ ဝက်များသည် ကိုယ်ပူခြင်း၊ ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်ခြင်းများ ရှိခဲ့ပြီး တိ၊မွေး၊ကု ဆရာဝန်နှင့် ခေါ်ယူ ကုသ သော်လည်း သုံးရက်အတွင်း ဝက်ငါး ကောင်ခန့် သေဆုံး ခဲ့ကြောင်း မှော်ဘီမြို့နယ် (၄) ရပ်ကွက် ၁၅၀၀ ကွက်သစ် နေထိုင်သည့် ဝက်မွေးမြူသူ ဦးထွန်းထွန်းက ပြောကြားသည်။
“ဝက်တွေ သေတာ ကြားနေရတယ်။ ဘာကြောင့် သေလဲ ဆိုတာ လူတွေ မသိကြပေမယ့် ပေါ်ရောင်း နေကြတဲ့ လူတွေ ရှိတယ်။ ရွာထဲ မှာဆို နေမကောင်းလို့ သေသွားတဲ့ ဝက်တွေကို တစ်ပိဿာကျပ် ၂၀၀၀ ဈေးနဲ့ ရောင်းတော့ အရင် ၆၀၀၀ နဲ့ စာရင် သက်သာတယ်ဆိုပြီး ဝယ်စား နေကြတာပေါ့” ဟု မြောင်းတကာ ကျေးရွာအုပ်စု ရေကျော် ကျေးရွာမှ ဝက်မွေးသူ တစ်ဦးက ဆိုသည်။
ခြံထဲတွင် ဝက်နှစ်ကောင် ကိုယ်ပူပြီး ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်ကာ သေဆုံး သွားသဖြင့် ကျန်နေသော ဝက်သုံး ကောင်ကို ထုတ်ရောင်း လိုသော်လည်း ဝက်ဈေးများ ကျနေ၍ မရောင်းဖြစ်ကြောင်း တိုက်ကြီးမြို့နေ ဦးတင်ဝင်းက ပြောကြား သည်။ ရောဂါ ကူးစက် ခံရပြီး သေဆုံးသည့် ဝက်သားကို လူက စားမိပါက ဝမ်းရောဂါနှင့် ဆက်နွှယ်သော ရောဂါများ ဖြစ်နိုင်ပြီး ဝက်များ ပုံမှန် မဟုတ်သော သေဆုံးမှုများ ရှိခဲ့လျှင် ဝက်ပိုင် ရှင်များ အနေဖြင့် နီးစပ်ရာ ဓာတ်ခွဲခန်းနှင့် ဌာနများသို့ သတင်းပေးပို့ရန် လိုကြောင်း ရန်ကုန်တိုင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။ “ဝက်တွေ သေတဲ့ သတင်းတွေ ကြားနေရပေမယ့် ဘာရောဂါလဲ ဆိုတာတော့ မသိသေးဘူး” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ တိုင်းဒေသကြီး အချို့တွင် ပုံမှန် မဟုတ်ဘဲ ဝက်သေဆုံးမှုများ တွေ့ရှိရပြီး အသေသား မရောင်းရ ဥပဒေကို ထုတ်ပြန်ထား သော်လည်း လိုက်နာခြင်း မရှိကြောင်း ၎င်း၏ ပြောကြား ချက် အရ သိရသည်။ ဝက်များတွင် ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားပါက ကနဦးတွင် နေမကောင်း ဖြစ်ခြင်း၊ သားလျှောခြင်း၊ အစာမစားခြင်းနှင့် ဝမ်းချုပ်ခြင်း၊ အရေပြား နီရဲလာခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်လေ့ရှိပြီး ၂၀၁၁ ခုနှစ် ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားခဲ့ချိန်က တစ်နိုင်ငံလုံးတွင် ဝက်ကောင်ရေ တစ်သိန်းကျော် သေဆုံးခဲ့ ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန စာရင်းအရ သိရသည်။ အိန္ဒိယနိုင်ငံတွင် ဝက်နားရွက်ပြာရောဂါ တွေ့ရှိရသဖြင့် မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ဂိတ်များမှ တင်သွင်းလာမည့် ဝက်များကို ပိတ်ပင်သွားမည် ဖြစ်ကြောင်း အိန္ဒိယ တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ပြောကြားသည်။








0 comments:
Post a Comment