-->

Thursday, June 20, 2013

ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် အခြေခံဥပဒေကို အချိန်ယူ ပြင်ဆင် မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် အခြေခံဥပဒေကို အချိန်ယူ ပြင်ဆင် မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြားတိုင်းရင်းသား ခေါင်းဆောင်များက ၆၅ နှစ်ကြာ တောင်းဆို လာသည့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန် အခြေခံ ဥပဒေကို အချိန်ယူ ပြင်ဆင်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်း စုကြည်က ဇွန်လ ၁၈ ရက်နေ့တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
တိုင်းပြည် အနာဂတ် အတွက် ဖက်ဒရယ်စနစ်ကို မဖြစ်မနေ ထူထောင်ရ မည်ဖြစ်သော်လည်း အချိန်ယူရန် လိုကြောင်း ၊ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ပြီး တပ်မတော် ဘက်မှ လက်ခံ လာအောင် ရှင်းပြ ပြောဆိုရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ဆိုသည်။
UNA အဖွဲ့ဝင် တိုင်းရင်းသား ပါတီ ငါးခုမှ ထိပ်ပိုင်း ခေါင်းဆောင် များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး အပြင် အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များကို အဓိက ဆွေးနွေး ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တရားရေးမဏ္ဍိုင်အပေါ် အုပ်ချုပ်ရေးက လွှမ်းမိုးနေမှုကို အဓိကပြင်ဆင်ရန် ဆွေးနွေးခဲ့ပြီး တရားသူကြီးချုပ်ကို သမ္မတက တိုက်ရိုက် ခန့်အပ်ခြင်းမှာ အခြေခံဥပဒေတွင် ပါရှိသည့် အာဏာ ခွဲဝေရေးနှင့် မညီဟု ဆွေးနွေးပွဲတွင် ပါဝင်သည့် ခေါင်းဆောင်များ က ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ၎င်း၏ အမေရိကန် ပြည်ထောင်စုခရီးစဉ်အတွင်း ဇွန်လ ၁၆ ရက်နေ့က အမေရိကရောက် မြန်မာ မိသားစုများနှင့် တွေ့ဆုံစဉ် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို တည်ဆောက် ရန် အခြေခံဥပဒေ ပြင်ဆင်သွားမည်ဟု ပြောဆိုထားသည်။
ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် ရခိုင် ပါတီနှစ်ခု ပူးပေါင်းထားသည့် ရခိုင်အမျိုးသားပါတီက ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး မြဝတီ မြို့နယ် DKBA ဌာနချုပ် ဆုံစည်းမြိုင်တွင် ကျင်းပသည့် တိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲကလည်း ဖက်ဒရယ်စနစ် ထူထောင်ရေး တောင်းဆိုချက်ကို ထုတ်ပြန် ကြေညာထားသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks