-->

Sunday, June 23, 2013

အကျဉ်းသားများလဲရန် တာလီဘန် ကမ်းလှမ်း

By The Voice Journal

talibanဂွမ်တာနာမို အကျဉ်း စခန်းတွင် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံထားရသော တာလီဘန် ထိပ်သီး ခေါင်းဆောင် ငါးဦးနှင့် အမေရိကန် ဓားစာခံ စစ်သားတို့ကို လဲလှယ်ရန်အတွက် အဆင်သင့် ရှိကြောင်း တာလီဘန် တို့က ကမ်းလှမ်းထားသည်ဟု Telegraph သတင်းတစ်ရပ်က ဖော်ပြထားသည်။
အသက် ၂၇ နှစ်အရွယ် ဆာဂျင် ဘိုဝီဘာ့ဂ်ဒေးလ်ဟု အမည်ရသော အမေရိကန် စစ်သား တစ်ဦး လွန်ခဲ့သည့် လေးနှစ် အတွင်းက တာလီဘန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးပြီး ၎င်းကို ပြန်လည် လွှတ်ပေးခြင်းဖြင့် နှစ်ဖက် ယုံကြည်မှု စတင် တည်ဆောက်၍ ရနိုင်ကြောင်း တာလီဘန် သူပုန်ဘက်မှ သံတမန်အဖွဲ့က ကမ်းလှမ်းလာခြင်း ဖြစ်သည်။
ကာတာနိုင်ငံမြို့တော် ဒိုဟာတွင် တာလီဘန်က ဆက်ဆံရေးရုံး ဖွင့်ထားပြီး အမေရိကန်နှင့် အာဖဂန်နစ္စတန် အစိုးရများကို တွေ့ဆုံ ဆွေးနွေးရန် ဖြစ်သည်။
ယင်းသံတမန်အဖွဲ့၏ အဆိုအရ အကျဉ်းသား လဲလှယ်ခြင်းသည် ၎င်းတို့ အစီအစဉ်၏ ပထမ ဦးစားပေး လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။
စစ်မြေပြင်တွင် ရှိနေသော တာလီဘန် စစ်သားများက အမေရိကန်တပ်များ အာဖဂန်တွင် ရှိနေသေးသရွေ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတိုင်းကို အသိအမှတ်မပြုဟု Telegraph ၏ ဆက်သွယ် မေးမြန်းချက်ကို တုံ့ပြန်ကြသည်။
ဖမ်းဆီးခံထားရသော အမေရိကန် စစ်သား၏ အခြေအနေမှာ ကောင်းမွန်လျက် ရှိပြီး မည်သည့် ငြိမ်းချမ်းရေး ခြေလှမ်းဆို အကျဉ်းသား လဲလှယ်ခြင်းမှသာ စတင်ရမည် ဖြစ်ကြောင်း ဒိုဟာရုံးရှိ တာလီဘန် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဆိုဟေးလ်ရှာဟင်းက ထောက်ပြသွားသည်။
“ပထမဆုံး ဖမ်းထားတဲ့ လူတွေကို ပြန်လွှတ်ရပါမယ်။ ဒီလိုနဲ့တစ်ဆင့်ပြီး တစ်ဆင့်ယုံကြည်မှုကို တည်ဆောက်သွားကြရပါမယ်”ဟု အဆိုပါ တာလီဘန်က ပြောကြားသည်။
အိုဒါဟိုနယ်သား ဆာဂျင်ဘာ့ဂ်ဒေးလ်သည် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်း စစ်အခြေစိုက်စခန်းမှ ၂၀၀၉ ဇွန်လ ကတည်းက ပျောက်ဆုံးသွားခဲ့သူ ဖြစ်သည်။
တာလီဘန်များကလည်း ဂွမ်တာနာမို အကျဉ်းစခန်းတွင် ချုပ်နှောင်ထားသော ခါရူလာခါခဝါနှင့် မူလာမိုဟာမက် ဖာဇယ်စသူတို့ အပါအဝင် ထိပ်တန်းခေါင်းဆောင် ငါးဦး ပြန်လွှတ်ပေးရန် ယခင်ကတည်းက တောင်းဆိုခဲ့ဖူးသည်။
ဆာဂျင်ဘာ့ဂ်ဒေးလ် လွတ်မြောက်လာရေးကို ဦးစားပေးကြောင်း၊ ၎င်းလွတ်မြောက်ရေး အတည်ပြုနိုင်စေခြင်းသည် ဆွေးနွေးမှု၏ အဆင့်များတွင် ပါဝင်မည် ဖြစ်ကြောင်း ဝါရှင်တန် အစိုးရက ထုတ်ပြန်ထားသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks