-->

Sunday, June 23, 2013

ဘင်္ဂလားဒေ့ရှ် အသေခံ ဗုံးဖောက်ခွဲမှု ကူညီခဲ့သူများကို သေဒဏ်ချ



bk033ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပထမဆုံး အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားအောင် ကူညီ ဆောင်ရွက် ပေးခဲ့သည့် အစ္စလာမ္မစ် စစ်သွေးကြွ ၁၀ ဦးကို တရားရုံးက သေဒဏ် ချမှတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
၂၀၀၅ ခုနစ်တွင် ဂါဇီပါးမြို့ တရားရုံး၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပထမဆုံး အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူရှစ်ဦး သေဆုံးခဲ့သည်။ ဂျမားအူမူဂျာဟစ်ဒင် (JMB) အဖွဲ့ဝင် အသေခံ ဗုံးဖောက်ခွဲသမားက ရှေ့နေ ဝတ်စုံ ဝတ်ဆင်ပြီး ဂါဇီးပါးမြို့ ရှေ့နေရုံးတွင်း ဝင်ရောက် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ ရှေ့နေများက ပြောကြားသွားသည်။
အစ္စလာမ္မစ် ဥပဒေဖြင့် တရားစီရင်ခြင်း မဟုတ်ဘဲ လောကီရေး သက်သက် အမြင်များဖြင့် တရားစီရင်နေသဖြင့် တရားရုံးများ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း တရားခံများက ပြောကြား သွားသည်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်မှု အောင်မြင်စေရန် တခြားသော JMB စစ်သွေးကြွ အဖွဲ့ဝင် ၁၀ ဦးက ဗုံးပြုလုပ်ရေးတွင် ကူညီလုပ်ဆောင် ပေးခဲ့ပြီး ရှေ့နေရုံးနှင့် ဆိုင်သည့် သတင်းအချက်အလက်များ ပံပိုးပေးခဲ့သလို အစီအစဉ်များ ကူညီရေးဆွဲပေးခဲ့သည်။
ထို့ကြောင့် ဗုံးဖောက်ခွဲနိုင်ရန် ကူညီခဲ့သူ ၁၀ ဦးကိုလည်း သေဒဏ် စီရင်ရန် အစိုးရအဖွဲ့ ဦးဆောင် ဖွဲ့စည်းထားသည့် တရားရုံးက ဆုံးဖြတ်ခဲ့သည်။ တရားသူကြီးက သေဒဏ် စီရင်ခဲ့သော်လည်း အစ္စလာမ္မစ် စစ်သွေးကြွ ၁၀ ဦးလုံးက တရားရုံးတွင် နောင်တရသည့်ပုံ မပြကြောင်း သတင်းတွင် ဖော်ပြထားသည်။
၂၀၀၅ ခုနစ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့ပေါင်း ၅၀ ရှိ နေရာပေါင်း ၃၀၀ ကျော်တွင် ဂျမားအူမူဂျာဟစ်ဒင် အဖွဲ့၏ ဗုံးဖောက်ခွဲမှုများ တစ်ချိန်တည်းတွင် ပေါ်ပေါက်လာခဲ့သည်။ ယင်းကဲ့သို့သော ဆက်တိုက်ဗုံး ဖောက်ခွဲမှုများကြောင့် သဘောထား တင်းမာခြင်း မရှိသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ အာဖဂန်နစ္စတန်၊ ပါကစ္စတန် နိုင်ငံများကဲ့သို့ အစွန်းရောက် အစ္စလာမ္မစ် စစ်သွေးကြွများ၏ ခြိမ်းခြောက်မှု အန္တရာယ်များဖြင့် ကြုံတွေ့နေရပြီဟု သုံးသပ်ချက်များ ပေါ် ထွက်လာခဲ့သည်။
ဗုံးဖောက်ခွဲမှု ဦးဆောင် ပြုလုပ်ခဲ့သည့် ဂျမားအူမူဂျာဟစ်ဒင် အဖွဲ့ခေါင်းဆောင် ရာမန် အပါအဝင် စစ်သွေးကြွ အဖွဲ့ဝင် ခြောက်ဦးကို ဗုံးဖောက်ခွဲ တိုက်ခိုက်မှုများကြောင့် ၂၀၀၇ ခုနှစ်တွင် သေဒဏ် ပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
                                                                                                      The Voice Journal

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks