-->

Tuesday, July 30, 2013

မုဒိမ်းမှု ဆန့်ကျင်ရေး အမျိုးသမီး ၃၀၀ ခန့် ဆန္ဒ ထုတ်ဖော်မည်

By The Voice Journal

မုဒိမ်းမှု ဆန့်ကျင်ရေး အမျိုးသမီး ၃၀၀ ခန့် ဆန္ဒ ထုတ်ဖော်မည်ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ်တွင် ကလေးသူငယ်နှင့် အမျိုးသမီးများ အဓမ္မမှု ကျူးလွန်ခံနေရမှု များကို ဆန့်ကျင်သည့် အနေနှင့် အမျိုးသမီး ၃၀၀ခန့်က ဇူလိုင်လ ၃၀ရက်နေ့တွင် ဆန္ဒ ထုတ်ဖော်မည ဖြစ်ကြောင်း ယင်းဆန္ဒ ထုတ်ဖော်မှုကို ဦးဆောင်သူ ဒေါ်ခိုင်ခိုင်ရွှေက ပြောကြားသည်။ လပွတ္တာ မြို့နယ်တွင် ရက်ပိုင်းအတွင်း အဓမ္မမှု နှစ်ကြိမ် ဆက်တိုက် ဖြစ်ပွား ခဲ့မှုကို မြို့ခံများက မကျေနပ်၍ မြို့နယ် ရဲစခန်းနှင့် မြို့နယ် အုပ်ချုပ်ရေးရုံးထံ ဆန္ဒ ထုတ်ဖော်ခွင့် လျှောက်ထားခဲ့ရာ ဇူလိုင်လ ၂၄ရက်က တရားဝင် ခွင့်ပြုချက်ရသဖြင့် ဆန္ဒ ထုတ်ဖော်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ဆင်းရဲတဲ့ အမျိုးသမီးတွေမို့ ဗဟုသုတ အားနည်းတယ်။ သူတို့လို ဘဝတူ မိန်းကလေးတွေ လုံခြုံရေး အတွက် အသိပညာပေးဖို့ လိုတာရယ်၊ အမျိုးသမီးထုက မုဒိမ်းမှုတွေကို ဆန့်ကျင်ကြောင်း ပြချင်လို့ ပြုလုပ်တာပါ” ဟု ဒေါ်ခိုင်ခိုင်ရွှေက ဆိုသည်။ ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းက သဲအိတ် ထမ်းသည့် အသက် ၁၅နှစ်အရွယ် မိန်းကလေးငယ်ကို အလုပ်သမားခေါင်းက အဓမ္မ ကျူးလွန်ခဲ့ သည့်အတွက် ရဲစခန်းက ဖမ်းဆီးထားပြီး ဓာတုဗေဒ ဆေးစစ်ချက် အဖြေ ရရှိပြီ ဖြစ်ကြောင်း လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့ စခန်း၏ စခန်းမှူး ရဲအုပ် နိုင်မိုးဇော်က ပြောကြားသည်။
ယင်းဖြစ်စဉ်အပြင် အိမ်ထောင်သည် အမျိုးသမီး တစ်ဦးကို လယ်ပိုင်ရှင်၏ တူက အဓမ္မ ပြုကျင့်ခဲ့ခြင်း လည်း ဖြစ်ပွားခဲ့သည့်အတွက် ဆန္ဒ ထုတ်ဖော် ကြခြင်း ဖြစ်ကြောင်း ဆန္ဒ ထုတ်ဖော်ပွဲတွင် ပါဝင်ကြမည့်သူများထံမှ သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ် ဆယ်နှစ်တာ ကာလအတွင်း မုဒိမ်းမှု ၄၆၉၈ မှု ဖြစ်ပွားခဲ့ရာ သက်ငယ် မုဒိမ်း ပြုကျင့်ခံရမှု ၂၃၀၂ မှုရှိပြီး ၄၈ ဒသမ ၉၉ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန် ထားချက်များအရ သိရသည်။ ဆယ်နှစ်တာ ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် မုဒိမ်းမှု ၃၈၆ မှု ဖြစ်ပွားခဲ့ကြောင်း ယင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks