By The Voice Journal
မြန်မာနိုင်ငံ
တစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ များကို ဆေးလိပ်နှင့်
ဆေးရွက်ကြီး ကြော်ငြာများ ရှာဖွေ စစ်ဆေးရန်နှင့် အရေးယူ ဆောင်ရွက်မှုများ
ပြုလုပ်ရန် ကျန်းမာရေး ဝန်ကြီးဌာနက ယခုလအတွင်း အကြောင်းကြားထားကြောင်း
အခြေခံ ကျန်းမာရေး ပညာဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ
နန်းနိုင်နိုင်ရှိန်က The Voice သို့ ပြောကြားသည်။“ကျန်းမာရေး ဝန်ကြီးဌာနကတော့ ပြည်နယ်နဲ့ တိုင်း ကျန်းမာရေး ဦးစီးဌာနတွေကို အကြောင်းကြား ထားတယ်။ ကျန်တာက အစိုးရအဖွဲ့ ရုံးက အစိုးရအဖွဲ့ကို အကြောင်းကြားမှာပါ” ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။ ယခင်က ကျန်းမာရေး ကော်မတီများက ဆေးလိပ် ကြော်ငြာများကို လိုက်လံ စစ်ဆေးသော်လည်း ပြစ်ဒဏ် အရေးယူမှုပိုင်းတွင် ရဲတပ်ဖွဲ့များက ပါဝင်ဆောင်ရွက်မှု အားနည်းခြင်းကြောင့် ယခုကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ ပါဝင်လာမည် ဆိုပါက ပိုထိရောက်ကြောင်း ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းမှ ဦးသန်းစိန်က The Voice သို့ သုံးသပ် ပြောကြားသည်။
“ကုမ္ပဏီတွေက ဆေးလိပ် တစ်ရာဖိုး ဝယ်ရင် မီးခြစ်ဘူးတွေ လက်ဆောင်ပေးနေတယ်။ နောက်ပြီး နာမည်ကြီး ဆိုင်တွေ မှာ ဆေးလိပ် ကြော်ငြာတွေ၊ အငှားယာဉ်တွေမှာ ဆေးလိပ်ကြော်ငြာ စတစ်ကာတွေ တွေ့နေတုန်း ရှိသေးတယ်” ဟု ၎င်းက ပြောဆိုသည်။ ကျန်းမာရေး ဝန်ကြီးဌာနက ဆေးလိပ် ကြော်ငြာများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း များ သောက်သုံးမှု ထိန်းချုပ်ရေး နည်းဥပဒေကို ရေးဆွဲလျက်ရှိပြီး မူကြမ်း ရေးဆွဲပြီးပါက အရပ်ဘက် အဖွဲ့အစည်းများထံ ချပြသွားရန် ရှိကြောင်း ဒေါက်တာ နန်းနိုင်နိုင်ရှိန်က ဆိုသည်။
လက်ရှိ အတည်ပြု ထားသော အဆိုပါ ဥပဒေတွင် ဆေးလိပ်နှင့် ဆေးရွက် ကြီးများ ရောင်းချရာ၌ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အပို ထပ်ဆောင်း ပစ္စည်းများ လက်ဆောင်ပေးခြင်းများကို တားမြစ်ထားသည်။ ယင်းအပြင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ပစ္စည်းများကို အမှတ်တံဆိပ် မပါရှိဘဲ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ရောင်းချခြင်းတို့ကို တားမြစ်ထားပြီး ကျူးလွန်ပါက ထောင်ဒဏ်နှင့် ငွေဒဏ် တစ်ပြိုင်နက် ချမှတ်နိုင် သည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ၂၀၀၆ ခုနှစ် မေလ ၄ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သော် လည်း ယခုအချိန်ထိ အရေးယူ ဆောင်ရွက်မှုများ ဆောင်ရွက်ထားခြင်း မရှိချေ။








0 comments:
Post a Comment