-->

Tuesday, July 23, 2013

အီဂျစ် စစ်တပ်က သမ္မတ မော်စီကို အဓမ္မ ဖမ်းဆီးခဲ့ဟု မော်စီ၏ မိသားစု စွပ်စွဲ

By The Voice Journal

အီဂျစ် စစ်တပ်က သမ္မတ မော်စီကို အဓမ္မ ဖမ်းဆီးခဲ့ဟု မော်စီ၏ မိသားစု စွပ်စွဲအီဂျစ် သမ္မတဟောင်း မိုဟာမက် မော်စီကို အီဂျစ် စစ်တပ်က ဖမ်းဆီး ထိန်းသိမ်း ထားခြင်းသည် အဓမ္မ ဖမ်းဆီးထား ခြင်းဖြစ်ကြောင်း မော်စီ၏ မိသားစုက စွပ်စွဲ ပြောကြား လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထား သည်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အီဂျစ် သမ္မတ မော်စီ၏ သမီးဖြစ်သူ Shaimaa က ယင်းကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်ပြီး မော်စီ၏ မိသားစု အနေနှင့် အီဂျစ် စစ်တပ်ကို တရားစွဲ ဆိုရန် ဥပဒေရေးရာ ကိစ္စများ ပြင်ဆင်လျက် ရှိကြောင်း ၎င်းက ပြောကြား သည်။
“ဒီ အာဏာသိမ်း စစ်ခေါင်းဆောင် Fatah al-Sissi ကို တရားစွဲဆို ဖို့ ပြည်တွင်း ပြည်ပ ဥပဒေ ရေးရာတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်နေ ပါတယ်” ဟု အီဂျစ် သမ္မတဟောင်း မော်စီ၏ သမီး Shaimaa က သတင်းထောက်များ ကို ပြောကြားသည်။ အီဂျစ် သမ္မတဟောင်း မော်စီ၏ လုံခြုံရေးသည် အီဂျစ် စစ်တပ်တွင် တာဝန်ရှိကြောင်း မော်စီ၏ မိသားစုက ပြောကြားလိုက်ပြီး၊ ယခု ထုတ်ပြန်ချက်သည် မော်စီကို သမ္မတ ရာထူးမှ ဖယ်ရှားခဲ့အပြီး မော်စီ၏ မိသားစုထံမှ ပထမဆုံး ထွက်ပေါ်လာသော ထုတ်ပြန်ချက်လည်း ဖြစ်သည်။
အီဂျစ် သမ္မတဟောင်း မော်စီကို အီဂျစ် စစ်တပ်က ဥပဒေ ပြစ်မှု တစ်စုံတစ်ရာ မရှိဘဲ ထိန်းသိမ်းထား ခြင်း ဖြစ်ပြီး၊ မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို ပြောဆိုခြင်း မရှိပေ။ မော်စီ၏ ပါတီဖြစ်သော မွတ်ဆလင် ညီနောင်များ ပါတီမှ လှုပ်ရှားသူများက အီဂျစ် စစ်တပ် ထောက်ခံ ထားသော အစိုးရသစ်ကို အသိအမှတ်မပြုဘဲ ကိုင်ရိုမြို့တွင် နေ့စဉ်နီးပါး ဆန္ဒပြမှုများ ဆက်လက် ပြုလုပ်လျက် ရှိသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks