-->

Tuesday, July 23, 2013

မြောက်ကိုရီးယား သင်္ဘော၌ MiG-21 တိုက်လေယာဉ်များ စစ်ဆေးတွေ့ရှိ

By The Voice Journal

မြောက်ကိုရီးယား သင်္ဘော၌ MiG-21 တိုက်လေယာဉ်များ စစ်ဆေးတွေ့ရှိမြောက်ကိုရီးယား ကုန်တင် သင်္ဘော၌ MiG-21 တိုက်လေယာဉ် နှစ်စင်း တင်ဆောင်လာသည်ကို ပနားမား စုံစမ်း စစ်ဆေးရေးမှူး များက ရှာဖွေ တွေ့ရှိထားကြောင်း Reuters သတင်းတွင် ဖော်ပြထား သည်။
ဂူချန်ဂန် သင်္ဘောပေါ်၌ ဆိုဗီယက် ပြည်ထောင်စုက ၁၉၅၀ နှောင်းပိုင်း နှစ် များက ထုတ်လုပ်ထား သည့် MiG-21 တိုက်လေယာဉ် နှစ်စင်းအပြင် ဒုံးပျံ ရေဒါစနစ် နှစ်ခုကိုလည်း ရှာဖွေ တွေ့ရှိထားကြောင်း ပနားမား သမ္မတ ရီကာဒိုက ပြောကြားသည်။
အဆိုပါ စစ်လက်နက် ပစ္စည်းများမှာ ကျူးဘား အစိုးရပိုင် ပစ္စည်းများဖြစ်ပြီး ယင်း Mikoyan Gurevich မြောက်ကိုရီးယား သင်္ဘောပေါ် တင်ဆောင်လာ သည်ကို ပနားမား နိုင်ငံက စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဝါယာကြိုးများနှင့် အီလက်ထရွန်နစ် ပစ္စည်းများ ရှာဖွေ တွေ့ရှိခဲ့ခြင်းကြောင့် သင်္ဘောပေါ်ရှိ ကုန်သေတ္တာများအတွင်း ဖောက်ခွဲရေး ပစ္စည်းများ ပါဝင်နိုင် သည်ဟု ပနားမားနိုင်ငံက စိုးရိမ် ခဲ့သော်လည်း ဖောက်ခွဲရေး ပစ္စည်းများ ရှာဖွေ တွေ့ရှိခဲ့ခြင်း မရှိပေ။
မြောက်ကိုရီးယား နိုင်ငံသို့ ဦးတည် ထွက်ခွာလာသော ဂူချန်ဂန် သင်္ဘောကို ပနားမား အာဏာပိုင်များ က ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်း ဖမ်းဆီး စစ်ဆေးခဲ့ပြီး လက်နက်များ သယ်ဆောင်လာသည်ကို တွေ့ရှိထားကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ လက်နက်များမှာ ဟောင်းနွမ်းနေပြီဖြစ်သော လက်နက်များ သာဖြစ်ပြီး ပြန်လည် ပြင်ဆင်ရန် မြောက်ကိုရီးယားသို့ တင်ပို့ခြင်းဖြစ်ကြောင်း ကျူးဘား နိုင်ငံက ပြောကြားသွားသည်။
မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် လက်နက် တင်ပို့ ရောင်းချမှု ပိတ်ပင်ထားခြင်းကို ချိုးဖောက်သည်ဟု သံသယရှိခြင်းကြောင့် အဆိုပါ သင်္ဘောကို စုံစမ်း စစ်ဆေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ပနားမား နိုင်ငံက တောင်းဆိုလိုက်သည်။ “တရားဝင် ကြေညာမထားတဲ့ လက်နက်တွေကို ပနားမား တူးမြောင်းဖြတ်ပြီး သယ်ယူလို့ မရပါဘူး” ဟု သမ္မတ ရီကာဒိုက ပြောကြားသွားသည်။
ထို့အပြင် တိုက်လေယာဉ်များထံမှ လေယာဉ်ဆီနံ့များ ရနေခြင်းကြောင့် ယင်း လေယာဉ်များကို မကြာသေးခင် ကာလအထိ အသုံးပြု ထားသည်ကို ညွန်ပြနေကြောင်း ပနားမား မူးယစ်တိုက်ဖျက်ရေး အရာရှိ ဂျူဗီယာက မှတ်ချက်ပြုထားသည်။ မြောက်ကိုရီးယား သင်္ဘောကို ရှာဖွေ စစ်ဆေးမည့် ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့ သြဂုတ်လ အစောပိုင်းတွင် ရောက်ရှိမည်ဟု Reuter သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ သင်္ဘောနှင့် သင်္ဘောသား ၃၅ ဦးကို ပြန်လွှတ်ပေးရန် မြောက် ကိုရီးယားက ပနားမားကို တောင်းဆိုထားသော်လည်း ပနားမား နိုင်ငံ က ငြင်းပယ်ထားသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks