-->

Tuesday, July 2, 2013

စနစ်ကောင်းသော သြစတြေးလျနိုင်ငံရဲ့ တက္ကစီ

By The Voice Journal

စနစ်ကောင်းသော သြစတြေးလျနိုင်ငံရဲ့ တက္ကစီကျာင်းပိတ်လို့ အားနေတာက တစ်ကြောင်း၊ အပိုဝင်ငွေ ရှာချင် တာကလည်း တစ်ကြောင်း၊ နှစ်ကြောင်း ပေါင်းရင်းနဲ့ တက္ကစီ လိုင်စင် ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ သင်တန်း မတက်ခင်မှာ ကျန်းမာရေးကောင်း မကောင်း ဆရာဝန်နဲ့ ဆေးစစ် ရတယ်။ ဆေးစစ်ဖို့ အတွက် ဒေါ်လာ ၈၈ ဒေါ်လာကုန်တယ်။
ဆေးစစ်ဖို့ ခွင့်ပြုချက် မကျခင်မှာ ရဲစခန်းထောက်ခံစာ (Police Clearance) ယူရတယ်။ ဒေါ်လာ ၆၀ ကျော်ကုန်တယ်။ ဒါတင်မဟုတ်သေးဘူး Traffic Infringement လို့ခေါ်တဲ့ ကားမောင်းတဲ့ သက်တမ်း အတွင်းမှာ ယာဉ်တိုက်မှု ရှိ မရှိ၊ မူးပြီးမောင်းတာ ရှိ မရှိကို စစ်ဆေးတဲ့ ရဲစခန်း ထောက်ခံစာလည်း ယူရပြန်တယ်။ နောက်ထပ် ဒေါ်လာ သုံးဆယ် နီးပါး ကုန်ပြန်တယ်။
ဆေးစစ်ခ၊ ရဲစခန်း ထောက်ခံစာနဲ့ အတူ ယာဉ်မောင်း သက်တမ်း သုံးနှစ်ရှိ မရှိကို လိုင်စင်ရုံးက စစ်ဆေး ပြန်တယ်။ ဖောင်တင်ခ ၁၀၀ ကျော်ကုန်တယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ ညီတော့ အင်္ဂလိပ်စာ စစ်ဆေးမှုကို သူတို့လုပ်တယ်။ အရေး၊ အဖတ်၊ နားထောင်မှု စွမ်းရည်နဲ့ အပြောအဆိုကို စာမေးပွဲ ဖြေရသလို၊ သင်္ချာလည်း အနည်းငယ် ဖြေရတယ်။ အပေါင်းအနုတ် အမြှောက် အစားတွေပေါ့။ ကျောင်းကနေ အင်္ဂလိပ်စာ အရည် အသွေးလည်း ကောင်းတယ်။
လိုင်စင်ရုံးက ထောက်ခံချက်နဲ့ ရဲစခန်း ထောက်ခံချက်တွေလည်း ပြည့်စုံတဲ့အခါ တက္ကစီမောင်း သင်တန်းတက်ဖို့ Swan Taxi ဆိုတဲ့ ကုမ္ပဏီမှာ သင်တန်း နှစ်ပတ်တက်ဖို့ စာရင်းသွင်းရတယ်။ တက္ကစီမောင်းတဲ့ သင်တန်းသားတွေ အများစုက ကုလားတွေချည်းပဲ။ အင်္ဂလိပ်တွေကို အတွေ့နည်းတယ်။ သင်တန်းအတွက် ဒေါ်လာ ၉၀၀ နီးပါး ပေးရပြန်တယ်။ တက္ကစီ ကုမ္ပဏီက လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ လောက်ကတည်းက ဒီအလုပ်ကို လုပ်လာတာ ဆိုတော့ အတော်စနစ်ကျ တာကို တွေ့ရတယ်။
မြန်မာနိုင်ငံမှာလို ကားတစ်စီး ရှိတာနဲ့ တက္ကစီ မဖြစ်ဘူး။ Taxi Plate တစ်ခုက ဒေါ်လာ သုံးသိန်း တန်တယ်။ ကားဈေးနှုန်းထက် အဆပေါင်း များစွာကြီးတော့ Taxi Plate တစ်ခုပိုင်ဖို့ ဆိုတာက မလွယ်ဘူး။ အများပိုင် ကုမ္ပဏီ အဖြစ် ရှယ်ယာတွေ အများကြီးနဲ့ လုပ်ကြတာကို တွေ့ရတယ်။ စီအီးအိုက စင်ကာပူ နိုင်ငံသား တရုတ်။ နှစ်ပတ်သင်တန်း အောင်တာနဲ့ လက်တွေ့ဖြေရတယ်။ နှုတ်ဖြေမှာ လမ်းတွေအကြောင်း၊ ကမ္ဘာလှည့် ခရီးသည်တွေ စိတ်ဝင်စားတဲ့ နေရာတွေအကြောင်း၊ မြို့အကြောင်း၊ ခရက်ဒစ်ကတ် အပါအဝင် အီလက်ထရွန်နစ် လက်မှတ် (e-ticket) တွေ အကြောင်းစသဖြင့် အတော်များများကို လက်တွေ့ ဖြေဆိုအောင်မြင်မှ လိုင်စင် ထုတ်ပေးပါတယ်။
သင်တန်းမှာ တက္ကစီမောင်းသူ အချင်းချင်း ကူညီရမယ်။ တစ်စီးနဲ့တစ်စီး ကျော်မတက်ရဘူး။ ဒုက္ခ ရောက်သူတွေကို ကူညီရမယ်။ အရေးအကြောင်း ဖြစ်ရင် ကားထဲက အရေးပေါ်ခလုတ်ကို နှိပ်ပါ စသဖြင့် အသေးစိတ် သင်ရတယ်။ ရုံးချုပ်ရဲ့ ရုံးခန်းထဲမှာဆိုရင် ကွန်ပျူတာ အလုံးပေါင်း တစ်ရာလောက်နဲ့ မိမိတက္ကစီ ဘယ်နေရာ ရောက်နေလဲ ဆိုတာကို မြင်နေရတယ်။ အလုပ်မရှိဘူးဆိုရင် ကားထဲက ကွန်ပျူတာထဲကို ရုံးချုပ်ကနေ ဘယ်နေရာကိုသွားပါ။ သွားကြိုပြီး ဘယ်နေရာကို ပို့ပါဆိုပြီး လိပ်စာက ဂွမ်ခနဲ ရောက်လာတယ်။
အတော်စိတဝင်စားဖို့ ကောင်းတဲ့ စနစ်တစ်ခုပါ။ သြစတြေးလျနိုင်ငံ ပါ့သ် (Perth) မြို့မှာ တက္ကစီ အစီးရေ နှစ်ထောင်လောက်ပဲ ရှိတယ်။ လူဦးရေ နှစ်သန်းလောက် ရှိတဲ့မြို့မှာ တက္ကစီအစီးရေ နှစ်ထောင်လောက်ပဲ ဘာ့ကြောင့် ရှိလဲဆိုတော့ လူဦးရေ တစ်ထောင်မှာ တစ်စီးပဲထားခွင့် ရှိလို့ပါ။ အစိုးရက ချုပ်ကိုင်ထားတယ်။ Taxi ကောင်စီလည်း ရှိတယ်။ ကုမ္ပဏီတွေကို အစိုးရဌာနဖြစ်တဲ့ Department of Transport က စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပေးတယ်။ မောင်းသူတွေအတွက် စည်းကမ်း (Regulation) တွေကို သတ်မှတ်ပေးသလို၊ ကုမ္ပဏီတွေ အတွက်လည်း လုပ်ပေးပါတယ်။ ကားထဲမှာ မုန့်မစားရဘူး။ ယူနီဖောင်း ဝတ်ရမယ်။ ယူနီဖောင်း မဝတ်ဘူးဆိုရင် ဒေါ်လာ ၂၀၀ ဒဏ်ငွေရိုက်တယ်။ ယူနီဖောင်း ညစ်ပတ်နေရင်လည်း ဒေါ်လာ ၂၀၀ ဆိုတော့ အားလုံး သန့်သန့်ရှင်းရှင်း။
ကားထဲမှာ မီတာ၊ စကားပြောစက်၊ အပြင်နဲ့ အတွင်းမှာ စီစီတီဗီ၊ ဂျီပီအက်စ်နဲ့ လိုအပ်တဲ့ အရာတွေမှန်သမျှ စနစ်တကျ ထည့်ထားရတယ်။ မပြည့်စုံရင် လိုင်စင်မရပါ။ ပုံမှန် အစိုးရဌာနက လိုင်စင်နဲ့ ကားတွေ စည်းကမ်းလိုက်နာမှု ရှိ မရှိ စစ်ဆေးတယ်။ ဒါကြောင့် ဘယ်သူမှ မချိုးဖောက်ရဲဘူး။ တက္ကစီမောင်း လိုင်စင်ရဖို့အတွက် မလွယ်ပါဘူး။ အထူးသဖြင့် စိတ်ဝင်စားဖို့ ကောင်းတာက လူဦးရေ အချိုးအစားနဲ့ တက္ကစီ အရေအတွက်ကို အစိုးရက ထိန်းချုပ်ထားတဲ့စနစ်ပါ။
ဘာကြောင့် ဒီလိုလုပ်လဲဆိုတော့ တက္ကစီ အရေအတွက်က လိုအပ်တာထက် ပိုများလာရင် Kill The Taxi Industry ဖြစ်မှာ စိုးရိမ်လို့ပါ။ ဆိုလိုချက်က တက္ကစီနဲ့မှီပြီး ထမင်းစားရတဲ့လူတွေ အလုပ်လက်မဲ့ ဖြစ်လာပြီး ဈေးကွက် ပျက်သွားမှာကို စိုးရိမ်လို့ ဖြစ်ပါတယ်။ နောက်ပြီး အရင်တုန်းက Taxi Plate တစ်ခုကို ဒေါ်လာ သုံးသိန်းလောက် ပေးပြီး ဝယ်ထားတဲ့ လူတွေရဲ့ စီးပွားရေးကို ကြည့်ရပါသေးတယ်။ မြန်မာနိုင်ငံမှာလို ကားရှိတာနဲ့ အငှားယာဉ်လိုက်လို့ မရတာတွေကို တွေ့ရတယ်။
အမြဲတမ်း တိုးတက်နေရမယ်၊ သန့်ရှင်းရမယ်၊ ပရော်ဖက်ရှင်နယ် ဖြစ်နေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကုမ္ပဏီတွေက လုပ်ကြတော့ စီးတဲ့သူရော၊ မောင်းတဲ့သူရော အကျိုးရှိတယ်။ အငှားကားလိုက်တဲ့ လူတွေဟာ အသက်အန္တရာယ် အရမ်းရှိတယ်။ ညဘက်ဆိုရင် ပိုဆိုးတယ်။ တက္ကစီသမားတွေဆီ ကနေ ဓားထောက်ပြီး ငွေလုတာကိုလည်း ခံရတယ်။ တစ်ခါတလေ မိန်းမပျိုလေးတွေကို ကားသမားတွေက မတော်တရား လုပ်တာကိုလည်း ခံရနိုင်တယ်။
ဒါကြောင့် ခရီးသည် အတွက်ရော၊ မောင်းသူ အတွက်ပါ လုံခြုံစိတ်ချမှု ရှိအောင် ကားထဲမှာ ကင်မရာတွေနဲ့ ခေတ်မီစက်တွေကို ထည့်ပေးရခြင်း ဖြစ်ပါတယ်။ ဈေးနှုန်း ပိုတောင်းလို့ မရတဲ့ စနစ်ကလည်း စိတ်ချမ်းသာဖို့ ကောင်းတော့ သူတို့ရဲ့စနစ်ကို မြန်မာနိုင်ငံမှာ လုပ်ခွင့်ရရင် ကောင်းမယ်။ ဒါဆိုရင် မြန်မာနိုင်ငံရဲ့Taxi Industry ကလည်း စင်ကာပူနဲ့ သြစတြေးလျတို့လို ခရီးသွားတွေရဲ့ ယုံကြည်စိတ်ချမှုကို ခံရနိုင်ပြီး ဂုဏ်သိက္ခာ ရှိနိုင်ပါတယ်။
ဘုန်းကျော် (ၾသစေၾတးလ်)

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks