-->

Tuesday, July 2, 2013

ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ် ကာကွယ်ရေး ဝန်ကြီး တာဝန်ပါ ပူးတွဲ ထမ်းဆောင် ရဖွယ်ရှိ

ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ် ကာကွယ်ရေး ဝန်ကြီး တာဝန်ပါ ပူးတွဲ ထမ်းဆောင် ရဖွယ်ရှိထိုင်းနိုင်ငံ၏ အစိုးရ အဖွဲ့တွင်း ရာထူး ပြောင်းလဲ ခန့်အပ်မှုများ ပြုလုပ်ပြီးပါက ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ် အနေနှင့် လက်ရှိ ရာထူးအပြင် ကာကွယ်ရေး ဝန်ကြီး ရာထူးကိုပါ ပူးတွဲ ထမ်းဆောင် ရဖွယ်ရှိရာ ထိုသို့ဖြစ်ပါ က ၎င်းသည် ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ကာကွယ်ရေး ဝန်ကြီးဖြစ် လာမည် ဖြစ်ကြောင်း အစိုးရ အရာရှိကြီး များနှင့် လေ့လာ စောင့်ကြည့် သူများ၏ ထင်မြင် သုံးသပ်ချက် များကို The Nation သတင်းစာက ကိုးကားရေးသား ဖော်ပြသည်။
အကယ်၍ နိုင်ငံရေး ပညာရှင် များနှင့် စောင့်ကြည့် လေ့လာသူများ မျှော်မှန်း ထားသည့်အတိုင်း အစိုးရ အဖွဲ့တွင်း ပြုပြင်ပြောင်းလဲမှု များနှင့် ရာထူး ပြောင်းလဲ ခန့်အပ်မှုများ ပြုလုပ်ပြီးစီး ပါက ဝန်ကြီးချုပ် ယင်းလတ် သည် ပထမဆုံး အမျိုးသမီး ကာကွယ်ရေး ဝန်ကြီး ဖြစ်လာနိုင်ကာ ထိုင်းနိုင်ငံ သမိုင်းကြောင်း၌ မှတ်တမ်း ဝင်မည် ဖြစ်သည်ဟု The Nation သတင်းစာက ဆိုသည်။
ဝန်ကြီးချုပ် ယင်းလတ်အား ကာကွယ်ရေး ဝန်ကြီး တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်စေမည့် အစီအစဉ်မှာ ယမန်နှစ်ကုန်ပိုင်း ခန့်ကတည်းက စတင် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း ထိုင်းစစ်တပ်က ဝန်ကြီးချုပ် အနေနှင့် စစ်တပ်၏ သဘော သဘာဝနှင့် ဓလေ့စရိုက်တို့ကို နားလည် သဘောပေါက်နိုင်ဖွယ် မရှိဟုဆိုကာ ကန့်ကွက်ခဲ့သည်။
သို့သော်လည်း မစ္စ ယင်းလတ်က ၎င်းသည် စစ်တပ်နှင့် ကောင်းစွာ လက်တွဲ လုပ်ကိုင်နိုင်သူ တစ်ဦး ဖြစ်သည်ဟူသော အချက်ကို ၂ နှစ်တာ ကာလ အတွင်း ထုတ်ဖော်ပြသခဲ့ကြောင်း၊ အထူးသဖြင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာနှင့် လက်တွဲကာ လုပ်ကိုင် ဆောင်ရွက်နိုင်ခဲ့ကြောင်း အစိုးရ အဖွဲ့တွင်းမှ အရာရှိကြီး တစ်ဦးက ဆိုသည်။
ထိုသို့ ယင်းလတ်ရှင်နာဝပ်သာ ကာကွယ်ရေးဝန်ကြီး ရာထူးကိုပါ ပူးတွဲ ရယူမည်ဆိုပါက ၎င်း၏ အစ်ကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်မည့် ကိစ္စအတွက် များစွာ အထောက်အကူ ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ ဝန်ကြီးချုပ် ယင်းလတ်အနေနှင့် ကာကွယ်ရေးဝန်ကြီး တာဝန်ရယူမည့်ကိစ္စမှာ လုံးဝ လွယ်ကူမည့် ကိစ္စတစ်ခုမဟုတ်ကြောင်း၊ အကြောင်းမှာ စစ်ဘက်ရေးရာ ပြဿနာများ၊ အရေးကိစ္စများ ကို အချိန်တို အတွင်း ဖြတ်လမ်းမှ သင်ယူ၍ မရနိုင်သောကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်လက် သုံးသပ်သည်။
ထို့ပြင် ကာကွယ်ရေး ဝန်ကြီး ဘေးနားတွင် အကြီးတန်း စစ်ဘက် အရာရှိကြီးများ ဝိုင်းရံလျက် ရှိနေ မည်ဖြစ်ရာ မစ္စ ယင်းလတ်အနေနှင့် အရည်အချင်းနှင့် အတွေ့အကြုံ ပြည့်ဝပြီး ၎င်းကို အကြံပေး လမ်းညွှန် မှု ပြုနိုင်သော လက်ထောက်တစ်ဦး လိုအပ်မည်ဖြစ်သည်။ ထိုင်းနိုင်ငံ သမိုင်းကြောင်းတွင် ကာကွယ်ရေးဝန်ကြီး ရာထူးကို ပူးတွဲ ထမ်းဆောင် ခဲ့ဖူးသူ ဝန်ကြီးချုပ် သုံးဦး ရှိပြီး ၎င်းတို့မှာ ချွန်လိပိုင်၊ စမတ် စွန်ထော်ရဝံ့နှင့် ဆွမ်ချိုင်းဝမ်ဆာဝပ်တို့ ဖြစ်ကြသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks