-->

Saturday, July 20, 2013

တောင်ကုတ်တွင် အစ္စလာမ် ဘာသာဝင် ၁၀ ဦး အသတ်ခံရမှု သံသယရှိသူခြောက်ဦး ဖမ်းဆီးခံရ

By The Voice Journal

တောင်ကုတ်တွင် အစ္စလာမ် ဘာသာဝင် ၁၀ ဦး အသတ်ခံရမှု သံသယရှိသူခြောက်ဦး ဖမ်းဆီးခံရရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ်တွင် ယမန်နှစ် ဇွန်လဆန်းပိုင်းက အစ္စလာမ် ဘာသာဝင် ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယ ရှိသူ တောင်ကုတ်မြို့ခံ ခြောက်ဦးကို ဇူလိုင်လ ၁၇ ရက်နေ့ ည ၁၁ နာရီခန့်တွင် နေပြည်တော်က တိုက်ရိုက် ကွပ်ကဲသည့် တပ်ဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း တောင်ကုတ်ဒေသခံ များနှင့် နိုင်ငံရေး ပါတီများက ပြောကြား ကြသည်။
နေပြည်တော်က တိုက်ရိုက် ကွပ်ကဲပြီး အဖွဲ့ဝင် ၁၇ဦး ပါဝင်သည့် အဆိုပါအဖွဲ့သည် တောင်ကုတ်ဒေသ ခံများကို ဝင်ရောက် ဖမ်းဆီးခဲ့ပြီး ၁၈ ရက်နေ့ နံနက် မိုးမလင်းမီ သံတွဲခရိုင် အကျဉ်းထောင်ကို ပို့ဆောင် ခဲ့ကြောင်း သံတွဲမြို့ရှိ အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး အသင်းမှ အမူဆောင်ဦးမြင့်မိုးက ဆိုသည်။ “တောင်ကုတ် ရဲတပ်ဖွဲ့က ဖမ်းဆီးတာ မဟုတ်ဘူး။ အထက်က (နေပြည်တော်) တိုက်ရိုက် ဆင်းဖမ်းတာ” ဟု တောင်ကုတ်မြို့ ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ ကိစ္စကို တောင်ကုတ်မြို့နယ်မှူး၊ သတင်းတပ်ဖွဲ့ (SB) တို့က သိရှိခြင်း မရှိကြောင်း၊ ဇူလိုင်လ ၁၈ရက်နေ့တွင် တောင်ကုတ်ဒေသခံ ခြောက်ဦး ဖမ်းဆီးခံရသည့် သတင်းများ ပျံ့နေကြောင်း တောင်ကုတ်မြို့ အခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ အတွင်းရေးမှူး ဦးမင်းအောင်က ဆိုသည်။
“အဖမ်းခံရတဲ့သူတွေ တောင်ကုတ်မှာ မရှိဘူးဆိုတာပဲ သိတယ်။ စီအိုင်ဒီက ဆင်းဖမ်းတယ်လို့ သတင်းတွေ ထွက်နေတယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီမှ အတွင်းရေးမှူးက ပြောကြားသည်။ ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စုမှ ရခိုင်တိုင်းရင်းသူ တစ်ဦးဖြစ်သူ မသီတာထွေးကို ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ဘင်္ဂါလီသုံးဦးက မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့သည့် ဂယက်များနှင့် ဆက်စပ်ကာ သံတွဲမှရန်ကုန်သို့ ဇွန်လ ၃ ရက်နေ့က ထွက်ခွာလာသည့် ရိုးမသစ္စာ အဝေးပြေးယာဉ်တွင် လိုက်ပါလာသော အစ္စလာမ် ဘာသာဝင် ၁၀ ဦးမှာ တောင်ကုတ်မြို့အနီးတွင် သတ်ဖြတ်ခံခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်များ တစ်နှစ်ခန့် ကြာမြင့်ပြီးနောက် ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ များကို ပထမဆုံးအကြိမ် ဖမ်းဆီးခြင်း ဖြစ်ပြီး အဆိုပါ ဖမ်းဆီးခံရသူများမှာ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်မှ လေးဦးပါဝင်ကာ၊ ဂူတာရပ်ကွက်မှ နှစ်ဦးပါဝင်ကြောင်း တောင်ကုတ် ဒေသခံများက ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့၊ သံတွဲမြို့နယ် ရဲတပ်ဖွဲ့တို့ကို The Voice က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေဆိုခြင်း မရှိပေ။ မသီတာထွေး အသတ်ခံရမှု၊ အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမှုများ ဆက်တိုက် ဖြစ်ပွားပြီးနောက် မောင်တောမြို့တွင် ၂၀၁၃ခုနှစ် ဇွန်လ ၈ ရက်နေ့က ဗလီဝတ်ပြုရာမှ ပြန်လာသည့် ဘင်္ဂါလီများက အကြမ်းဖက်မှုများ ပြုလုပ်ရာမှ စတင်ကာ ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး အောက်တိုဘာလတွင် တစ်ကြိမ် ထပ်မံ ဖြစ်ပွားခဲ့သည်။ အကြမ်းဖက်မှုနှစ်ကြိမ် ဆက်တိုက် ဖြစ်ပွားမှုကြောင့် လူပေါင်း ၁၉၀ ကျော်သေဆုံးကာ တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ 

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks