-->

Saturday, July 20, 2013

မြန်မာ့ တပ်မတော် အရာရှိ ၃၀ ကို ခေါ်ယူ လေ့ကျင့်ပေးရန် ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ကမ်းလှမ်း

By The Voice Journal

မြန်မာ့ တပ်မတော် အရာရှိ ၃၀ ကို ခေါ်ယူ လေ့ကျင့်ပေးရန် ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ကမ်းလှမ်းနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ လန်ဒန် ခရီးစဉ်အတွင်း မြန်မာ့ တပ်မတော် အရာရှိ ၃၀ ခန့်ကို ဗြိတိန် ကာကွယ်ရေး သင်တန်းကျောင်း သို့ ခေါ်ယူ လေ့ကျင့်ပေးရန် ဗြိတိန် ကာကွယ်ရေး ဝန်ကြီးက အဆိုပြု ကမ်းလှမ်း ထားကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ်သ်၏ ဗြိတိသျှ ပါလီမန်ကို တင်ပြသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ပြုလုပ်မည့် လုံခြုံရေးဆိုင်ရာ ကဏ္ဍတွင် ကာကွယ်ရေး လုပ်ငန်းများကို စီမံခန့်ခွဲခြင်း လေ့ကျင့်ရေး အစီအစဉ် (MDWSC) တွင် မြန်မာ့ တပ်မတော်က ပါဝင်နိုင်ရန် ထောက်ပံ့လိုကြောင်း ကာကွယ်ရေး ဝန်ကြီး Mr. Philip Hammond က သမ္မတ ဦးသိန်းစိန်ကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သင်တန်းကို ဗြိတိန်နိုင်ငံ Shrivenham ရှိ ဗြိတိန် ကာကွယ်ရေး သင်တန်းကျောင်း (Defence Academy of the United Kingdom) တွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလ ၄၉ ရက် ကြာမြင့်မည် ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် တည်ဆောက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မြန်မာ့ တပ်မတော်၏ အခန်းကဏ္ဍမှာ အရေးပါသောကြောင့် တပ်မတော်ကို အရည်အချင်း မြှင့်တင်ပေးရန် အတွက် ယင်းသို့ သင်တန်း ပို့ချရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး Mr. Philip Hammond က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။
ဒီမိုကရေစီ အလေ့အထများ ဖော်ဆောင်ရန်နှင့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးအတွက် မြန်မာ့ တပ်မတော်နှင့် ဗြိတိန် အစိုးရတို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ နိုင်ငံခြားရေး ဝန်ကြီး၏ အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် စစ်ဘက်နှင့် မသက်ဆိုင်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များကို ကိုင်တွယ်ရန် တပ်မတော်ကို အရည်အသွေး မြှင့်တင်ရေးအတွက် ဥရောပ နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများစွာ လိုအပ်ကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။
အဆိုပါ မြန်မာ စစ်ဘက်ဆိုင်ရာ အရာရှိ ၃၀ ခန့်ကို စေလွှတ်ရန် ကမ်းလှမ်း ထားသော MDWSC သင်တန်းသည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးနှင့် ဒီမိုကရေစီ အလေ့အထများ ဖွံ့ဖြိုးရေးတွင် ကာကွယ်ရေး စီမံ ခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ အထူးပြု သင်တန်းတစ်ရပ် ဖြစ်ပြီး စစ်ဘက် အရာရှိ များနှင့် လုံခြုံရေးဆိုင်ရာ တာဝန် ထမ်းဆောင်နေသည့် အရပ်ဘက် အရာရှိ များအတွက် ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက အဆိုပြုမှသာ တက်ရောက်ခွင့်ရှိသည့် စစ်ဘက်ဆိုင်ရာ သင်တန်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ သမ္မတ တစ်ဦး၏ ပထမဆုံး ဗြိတိန်နိုင်ငံ ခရီးစဉ်အဖြစ် ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ အထိ သွားရောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် နှစ်နိုင်ငံ စီးပွားရေး ပိုမို ပူးပေါင်း ဆောင်ရွက်ရေးများ ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် ဗြိတိန် အစိုးရက သန်း ၃၀ ထောက်ပံ့ရန် ကတိပြုခဲ့သည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks