-->

Saturday, July 20, 2013

အီးယူက ကန့်သတ်ထားချိန် မြန်မာကို ဗြိတိန် လက်နက် ဝယ်ယူခွင့်ပြု

By The Voice Journal

အီးယူက ကန့်သတ်ထားချိန် မြန်မာကို ဗြိတိန် လက်နက် ဝယ်ယူခွင့်ပြုဥရောပ သမဂ္ဂ (အီးယူ) က ပိတ်ပင် ထားသည့်ကြားမှ မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ၅သန်း(ယူရို ၃ ဒသမ ၃ သန်း) တန်ဖိုးရှိ လက်နက်များ တင်သွင်းခွင့် လိုင်စင် ဥရောပသမဂ္ဂ အဖွဲ့ဝင် ဗြိတိန်အစိုးရ က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပေးအပ် လိုက်ကြောင်း ဗြိတိန် အစိုးရ အင်တာနက် စာမျက်နှာတွင် ဖော်ပြ ထားသည်။
ဗြိတိန် အစိုးရက ဇူလိုင်လ ၁၇ ရက်နေ့တွင် အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံ တန်ဖိုးရှိ လက်နက် တင်သွင်းခွင့် လိုင်စင် ၃၀၀၀ ကျော် ကို နိုင်ငံပေါင်း ၂၇ နိုင်ငံအား ပေးအပ်ကြောင်း ကြေညာခဲ့သည်။ ယင်းနိုင်ငံများတွင် လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံး ဖြစ်ပေါ်နေသည့် သတိထား စောင့်ကြည့် ရမည့် မြန်မာနိုင်ငံ အပါအဝင် တရုတ်၊ အီရန်၊ အီရတ်၊ အစ္စရေး၊ လစ်ဗျားနှင့် ဆီးရီးယား ကဲ့သို့သော နိုင်ငံများ ပါဝင်နေ၍ ယင်းနိုင်ငံ များသို့ လက်နက် တင်သွင်းခွင့် လိုင်စင် ထုတ်ပေးသည့်အပေါ် ဗြိတိန် ပါလီမန်က ဗြိတိန် အစိုးရထံ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံသို့ ပေးအပ်သည့် လက်နက် တင်သွင်းခွင့် လိုင်စင် ရှစ်ခု ရှိပြီး စစ်ဘက်သုံး တိုက်ခိုက်ရေး လေယာဉ်များ ထိန်းချုပ်သည့် ဆော့ဖ်ဝဲ၊ ချပ်ဝတ်တန်ဆာများ၊ လျှို့ဝှက် သင်္ကေတများ ရှာဖွေသည့် ဆော့ဖ်ဝဲ များ၊ ဖောက်ခွဲရေးသုံး ပစ္စည်းများ၊ ရေတပ်နှင့် လေတပ် လမ်းညွှန်သုံး စနစ် များနှင့် ဒုံးကျည်များ ပါဝင်ကြောင်း ယင်းသတင်း စာမျက်နှာတွင် ဖော်ပြ ထားသည်။ ဗြိတိန် အစိုးရ ခွင့်ပြုသည့် လက်နက် တင်သွင်းခွင့် လိုင်စင် အများဆုံး ရရှိသည့် နိုင်ငံများမှာ တရုတ်၊ ဆော်ဒီအာရေဗျနှင့် အစ္စရေးနိုင်ငံတို့ ဖြစ်သည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံသို့ ဇူလိုင်လ ၁၅ ရက်နေ့ တွင် ရောက်ရှိခဲ့စဉ်က ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ဗြိတိန် ကာကွယ်ရေး ဝန်ကြီး Philip Hammond တို့နှင့် တွေ့ဆုံရာတွင် ဒီမိုကရေစီ စနစ် ဖော်ဆောင်ရေးတွင် အပြည့်အဝ တာဝန်ယူနိုင်သော တပ်မတော် ဖြစ်လာစေရန် အတွက် ဗြိတိန် တပ်မတော်က မြန်မာ့ တပ်မတော်နှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ၊ စစ်ရေး လေ့ကျင့်ပေး မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကမ်းလှမ်း ပြောကြားခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ရုံးသို့ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks