-->

Sunday, July 28, 2013

မြို့သာစီမံကိန်း အတွင်းရှိ ရပ်တော်မူ ရုပ်ပွားတော် တည်ထားရေး ဖျက်သိမ်းခိုင်းဟုဆို

By The Voice Journal

မြို့သာစီမံကိန်း အတွင်းရှိ ရပ်တော်မူ ရုပ်ပွားတော် တည်ထားရေး ဖျက်သိမ်းခိုင်းဟုဆိုမန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန် မြို့နယ်တွင် တည်ဆောက်မည့် မြို့သာ စက်မှုဇုန် ဥယျာဉ် စီမံကိန်း ဧရိယာ နယ်မြေအတွင်း ပါသည်ဟု ဆိုသည့် ရာဇဝင် တောရကျောင်းတွင် တည်ဆောက် နေသည့် သုမနရပ်တော်မူ ဗုဒ္ဓရုပ်ပွား တော်ကို မြို့နယ် မြေစာရင်းဌာနက ဖျက်သိမ်း ခိုင်းခဲ့ကြောင်း ယင်းရပ်တော်မူ ရုပ်ပွားတော်ကို တည်ဆောက် နေသည့် ရာဇဝင်တောရ ဆရာတော် ဦးဝိလာသက မိန့်ကြားသည်။ "ဘုရားမြေကို စီမံကိန်းထဲပါတယ် ဆိုပြီး ငါန်းဇွန်မြေစာရင်းက ဖျက်ခိုင်းတာ" ဟု ဆရာတော်က မိန့်ကြားသည်။
မြို့သာ စက်မှုဥယျာဉ် စီမံကိန်း မြေယာ လျော်ကြေးကိစ္စအပါအဝင် စီမံကိန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိသူများကို မေးမြန်း သော်လည်း ယင်းကိစ္စကို မဖြေဆိုပေ။ မြင်းခြံခရိုင် ရာဇဝင်တောရကျောင်းကို ၁၉၅၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယင်းဆရာတော် ဦးဝိလာသသည် ဉာဏ်တော် အတောင် ၁၀၀ ရှိ ရပ်တော်မူရုပ်ပွားတော်ကို ၂၀၀၉-၂၀၁၀ ပြည့်နှစ် အတွင်းက စတင် တည်ထားလျက်ရှိရာ ယခုအခါ မျက်နှာတော် အချောကိုင်သည့် အဆင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ယနေ့အထိ အုတ်အချပ်ရေ ၁၀ သိန်းခန့် အသုံးပြုထားပြီးပြီ ဖြစ်ကြောင်း၊ ရုပ်ပွားတော် တည်ထားရာတွင် ဒေသခံများ နှင့် အလှူရှင်များ၏ လုပ်အား ဒါနဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကာ နေ့စဉ်လုပ်အား အလှူရှင် ၅၀ ဦးမှ ၁၀၀ကျော်ရှိကြောင်း ရုပ်ပွားတော် တည်ဆောက်ရေး လုပ်ငန်းခွင် ထံမှ သိရှိရသည်။
မန္တလေးတိုင်း ဒေသကြီး ငါန်းဇွန် မြို့နယ် တံတားဦး-မြို့သာ-မြင်းခြံ ကားလမ်း ဘေး မြေဧက ၄၀ခန့် အကျယ်ရှိ ရာဇဝင် တောရကျောင်းတွင် တည်ထားလျက်ရှိသော သုမန ရပ်တော်မူမြတ်စွာဘုရား အမြန်ပြီးစီးနိုင်ရေး အတွက် အလှူငွေများ လှူဒါန်းနိုင်ကြောင်းလည်း အဆိုပါဆရာတော်ထံမှ သိရှိရသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks