“သုံးနှစ်လောက် အတွင်းမှာ ပုစွန် ဖော့ချိတ်ဈေးက ဆယ်ဆလောက် တက် သွားတယ်။ ဒါက ရေသယံဇာတ ရှားလို့ ဈေးမြင့်လာတာ” ဟု ၎င်းကဆိုသည်။ ဒီရေတောများ ပြုန်းတီး လာခြင်းနှင့် ခေတ်မီ ငါးဖမ်း ကိရိယာများ သုံး၍ အလွန် အကျွံ ငါးဖမ်းဆီးခြင်း များကြောင့် ယင်းကဲ့သို့ ပင်လယ်ပြင်အတွင်း ငါးသယံဇာတ ရှားပါးလာခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် အခြေစိုက် အအေးခန်း လုပ်ငန်းရှင် များက သုံးသပ်ကြသည်။
ယင်းသို့ ငါးသယံဇာတ ရှားပါး၍ ကုန်ကြမ်း အခက်အခဲ ရှိလာသည့် အတွက် စစ်တွေမြို့ရှိ ရေထွက်ကုန် အအေးခန်း စက်ရုံအချို့ကို ပိတ်ထား ရကြောင်း ရေထွက်ကုန် ပစ္စည်းများကို ပြည်ပ တင်ပို့လျက်ရှိသော စစ်တွေမြို့ အခြေစိုက် ရေထွက် ပို့ကုန် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။ မြန်မာ့ပင်လယ်ပြင်တွင် ၁၉၇၉ ခုနှစ်ခန့်က ပျမ်းမျှ တစ်နာရီ ငါးဖမ်းဆီး ရမိမှုနှုန်းသည် ၆၀၀ ကီလိုဂရမ် ဖမ်းဆီးရရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်တွင် ၈၉ ဒသမ ၇၀ ကီလိုဂရမ်အထိ ကျဆင်းသွားကာ လက်ရှိတွင် ၆၂ ကီလိုဂရမ် ခန့်သာ ဖမ်းဆီးရရှိသည့် အဆင့်ထိ ထပ်မံ ကျဆင်းသွားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသယံဇာတ ရှားပါးလာမှုကြောင့် ရေထွက်ကုန် လက်ခစား စနစ်ကို လုပ်ကိုင်နေရခြင်းဖြစ်သည်ဟု အဏ္ဏဝါဒေဝီ အအေးခန်း စက်ရုံမှ ဒေါ်တိုးနန္ဒာတင်က ဆိုသည်။
“ငါးဈေးက တစ်နှစ်ထက် တစ်နှစ် မြင့်လာနေတယ်။ ဈေးတွေထဲမှာ ငါးမရှိ တာကိုပဲ ကြည့်တော့” ဟု အဆိုပါ လုပ်ငန်းရှင်က ဖြည့်စွက်ပြောကြားသည်။ ယင်းကဲ့သို့ ငါးသယံ ဇာတရှာပါးမှုကြောင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဌာနသည် ငါးမဖမ်းရ ရာသီနှင့် ငါးမဖမ်းရဒေသ သတ်မှတ်ခဲ့သော်လည်း ယခုနှစ်တွင်မူ ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များ၏ တောင်းဆို မှုကြောင့် ငါးဖမ်းလှေများ၏ ၇၅ ရာခိုင်နှုန်းကို ပင်လယ်ကမ်းဝေး ငါးဖမ်းခြင်း ကို ပြန်လည် ခွင့်ပြုပေးခဲ့သည်။
The Voice








0 comments:
Post a Comment