သောကြာနေ့
ညနေတိုင်း ဦးမောင်က နေမကောင်း ဖြစ်နေတဲ့ မိခင်ကို ပြန်ကြည့်တဲ့
မိန်းမဖြစ်သူကို ဘူတာရုံ လိုက်ပို့ တတ်တယ်။ မိန်းမစီးတဲ့ ရထား ထွက်သွားပြီး
နောက်(၁ဝ) မိနစ်အကြာမှာ ဦးမောင်ရဲ့နှမဖြစ်သူ လိုက်ပါလာမယ့် ရထားက
ဘူတာဆိုက်တယ်။ မိန်းမ မရှိတုန်း အိမ်မှာ လာကူချက်ပြုတ်ပေးတဲ့ နှမဖြစ်သူကို
ဦးမောင်က စောင့်ကြိုပြီး အိမ်ခေါ် ပြန်တယ်။ တနင်္ဂနွေနေ့ ညနေမှာတော့ ညီမကို
ဘူတာရုံ လိုက်ပို့ပြီး (၁ဝ)မိနစ် အကြာမှာ ပြန်ရောက်လာတဲ့ မိန်းမကို
ဦးမောင်အိမ် ခေါ်ပြန်တယ်။ဒီလိုနဲ့ တနင်္ဂနွေနေ့ ညနေမှာ နှမစီးတဲ့ ရထား ထွက်သွား ပြီးနောက် မိန်းမရောက် အလာကို ဦးမောင်စောင့်နေခဲ့တယ်။ အဲဒီမှာ ဝန်ထမ်း တစ်ဦးက ဦးမောင်နားလျှောက်လာပြီး ရယ်ရယ်ပြုံးပြုံးနဲ့ ပြောတယ်။
"ခင်ဗျားကြီး ... တော်တော် အကြံပိုင်တာပဲနော်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ခင်ဗျား ဒီလိုလုပ်တာကို သူတို့မိသွားမှာ မကြောက်ဘူးလား?"
တခြား လူတွေနဲ့ ဆက်ဆံပြောဆိုတဲ့အခါ ကျွန်တော်တို့ဟာ "ကြိုတင်မှန်းဆ"တဲ့ အကြည့်နဲ့ သူတို့ကိုကြည့်မိတတ်ကြတယ်။ သူတို့ကို ကျွန်တော်တို့ရဲ့ "ဘောင်"ထဲသွင်းပြီး အဲဒီဘောင်နဲ့ ဒီလူကတော့ဖြစ် လူကောင်း၊ ဒီလူကတော့ဖြစ် လူဆိုးဆိုပြီး ခွဲခြားလေ့ရှိတယ်။ "သူကြည့်ရတာ နောက်မီးလင်းနေသလိုပဲ၊ သူကတော့ဖြစ် အရမ်းလူလည်ကျတတ်တာပဲ" စတဲ့အတွေးတွေနဲ့ တစ်ဘက်လူရဲ့ကိုယ်ပေါ် ကျွန်တော်တို့ ပုံချတတ်တယ်။ အမှန်တရားနဲ့ လမ်းလွှဲပစ်လိုက်တာမျိုးတွေရှိတယ်။
ဒီလိုပုံပြင် တစ်ပုဒ်ကို ကြားဖူးမယ် ထင်ပါတယ်။ အမျိုးသမီးနှစ်ယောက်ဟာ စားပွဲခုံတစ်ခုံမှာ ထိုင်ပြီး ကော်ဖီသောက်နေကြတယ်။ သူတို့ထဲက တစ်ယောက်က ယူလာတဲ့ ထီးကို စားပွဲခြေရင်းမှာ ထောင်ထား လိုက်တယ်။ တအောင့် အကြာမှာ ကော်ဖီအရင်သောက်ပြီးတဲ့ တစ်ယောက်က ထအထွက်မှာ ယောင်တောင်တောင်နဲ့ ထောင်ထားတဲ့ ထီးကို ကောက်ယူပြီး ထွက်သွားတယ်။ ဒါကို ထီးပိုင်ရှင်က အော်ပြောတယ်။
"ဒီမယ်! ရှင် ကျွန်မထီးကို ယူတယ်"
ထီးယူမိတဲ့တစ်ယောက်က မျက်နှာကြီးနီမြန်းပြီး အားတုန့်အားနာနဲ့ ထီးပိုင်ရှင်ကို တောင်းပန်တယ်။ သူထီးယူလာမိတယ် အထင်နဲ့ မှားယူမိကြောင်းပြောတယ်။ ဒီအဖြစ်အပျက်ကြောင့် ထီးမှားယူမိတဲ့အမျိုးသမီးက သူထီးဝယ်ရမယ်ဆိုတာကို သတိရလိုက်တယ်။ အိမ်က ကလေးအတွက်ပါ ဝယ်လိုက်မယ်ဆိုပြီး သူထီးနှစ်ချောင်းဝယ်လိုက်တယ်။
အဲဒီလိုနဲ့ ထီးနှစ်ချောင်းဝယ်ခဲ့တဲ့ အမျိုးသမီးဟာ အိမ်အပြန်လမ်းက ဘတ်စကားပေါ်မှာ သူထီးမှားယူမိတဲ့ ထီးပိုင်ရှင်အမျိုးသမီးနဲ့ မတော်တဆဆုံမိပြန်တယ်။ အဲဒီအမျိုးသမီးက သူ့လက်ထဲကထီးနှစ်ချောင်း ကိုင်ထားတာကို ကြည့်ပြီး "အော်... ရှင်ဒီနေ့ တော်တော်တွက်ချေကိုက်တာပဲနော်"လို့ သူ့ကို ပြောတယ်။
လူတွေဟာ တခြားလူကို ဝေဖန်ပိုင်းခြားချိန်မှာ အမြဲတမ်း ယိမ်းယိုင်မှုတစ်မျိုးရှိတယ်။ အဲဒါကတော့ လူတစ်ယောက်ကို အကြမ်းအားဖြင့် "အကောင်း" ဒါမှမဟုတ် "မကောင်း" ဆိုပြီးနှစ်မျိုးခွဲလိုက်တယ်။ လူတစ်ယောက်က လူတွေကို "ကောင်းတဲ့" ထင်မြင်ချက်မျိုးဖြစ်စေတဲ့အချိန် လူတွေက အဲဒီလူရဲ့အပြောအဆို၊ အမူအရာအားလုံးကို "အကောင်း"ရှုထောင့်ကနေကြည့်ပြီး ဝေဖန်ပိုင်းခြားလိုက်တယ်။ ဆန့်ကျင့်ဘက်အနေနဲ့ "မကောင်းတဲ့" ထင်မြင်ချက်မျိုး ဖြစ်စေတဲ့အချိန် အဲဒီလူဘာလုပ်လုပ် "မကောင်း"တာပဲမြင်တော့တယ်။ ဒီလိုဖြစ်စဉ်ကို "Halo effect" (ရောင်ခြည်စက်ဝန်းသက်ရောက်မှု) လို့ခေါ်တယ်။ လူတွေက လကိုတွေ့တာနဲ့ တပြိုင်နက် လဘေးက ဖြာနေတဲ့ ရောင်ခြည်စက်ဝန်းကိုလည်း သတိထားမိတတ်ကြတယ်။ လူတစ်ယောက်ကလည်း တခြားလူကိုပြတဲ့ သူ့ထင်မြင်ချက်နောက်လိုက်ပြီး သူ့ရဲ့အပြောအဆို၊ အမူအရာတွေကို လူတွေက "Halo effect"နဲ့ဆက်စပ်ပြီး ဝေဖန်ပိုင်းခြားပါလိမ့်မယ်။
ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။ တစ်ခါက အမေရိကန်ကိုရောက်တာ သိပ်မကြာသေးတဲ့ လူတစ်ယောက်က မနက်စောစောတစ်ခုမှာ ပန်းခြံထဲလမ်းထွက်လျှောက်ခဲ့တယ်။ ပန်းခြံထဲရောက်တော့ လူဖြူတစ်သိုက် မြက်ခင်းပြင်ပေါ်ထိုင်ပြီး နေလှန်းရင်း စကားစမြည်းပြောနေကြတာကို တွေ့လိုက်တယ်။ အဲဒီမှာ အဲဒီလူက ဒီလိုတွေးလိုက်တယ်။
"အမေရိကန်လူမျိုးတွေရဲ့ဘဝက သိပ်ပေါ့ပါးတာပဲ။ ငွေကြေးရှိသလို ဘဝမှာလည်း ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်"
အဲဒီလူဟာ လမ်းဆက်လျှောက်ရင်း တစ်နေရာမှာ လူမည်းတစ်သိုက် မြက်ခင်းပြင်ပေါ်ထိုင်ပြီး စကားစမြည်းပြောနေကြတာကို တွေ့လိုက်ပြန်တယ်။ အဲဒီမှာ သူက ဒီလိုတွေးလိုက်တယ်။
"ဟင်း! လူမည်းအလုပ်လက်မဲ့တွေရဲ့ ပြဿနာက ကြီးမားလှချည်လား! ဒီလူတွေက အစိုးရထောက်ပံ့ကြေးတွေ တောင်းနေတဲ့လူတွေဖြစ်လိမ့်မယ်"
အဖြစ်အပျက်တစ်ခုက ဒီလိုဆိုထားပါတယ်။ ညတစ်ညမှာ လမ်းပေါ်မှာ လမ်းလျှောက်နေတုန်း အိမ်တစ်အိမ်က မီးလင်းနေတာကိုတွေ့တော့ လူတချို့က "ဒါဟာ အိမ်မပြန်လာသေးတဲ့ သမီးအတွက် အမေတောင်းဆုပြုနေတာဖြစ်မယ်"လို့ဆိုတယ်။ လူတချို့က "အမလေး... ဒါ လူမြင်မကောင်းတဲ့ ကိစ္စတစ်ခုခု လုပ်နေတာဖြစ်မယ်"လို့ဆိုတယ်။ အင်္ဂလန် စာရေးဆရာ "Hazlitt William"က ဒီလိုဆိုခဲ့ပါတယ်။ "အမှန်ကိုမစူးစမ်းဘဲ မျက်စိမှိတ် ဘက်လိုက်ခြင်းက အသိမရှိတဲ့ ကလေးလေးနဲ့တူတယ်"တဲ့။ သူ့အပြော မှန်ကန်ခဲ့ပါတယ်။
လူအများက သင့်ကို မသိနားမလည်နိုင်သလို သင်ကလည်း သူတို့အားလုံးကို သိနားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုဆိုမှတော့ တခြားလူကို လွယ်လွယ်နဲ့ ကျွန်တော်တို့ မဝေဖန်၊ မပိုင်းခြားသင့်သလို သင့်အပေါ် တခြားလူဝေဖန်ပိုင်းခြား တာကိုလည်း အလေးထားနေဖို့ မလိုပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ လူတိုင်း..လူတိုင်း ကလည်း အင်္ကျီရဲ့ပထမဆုံးကြယ်သီးကို မှားတပ်ဖူး ခဲ့ကြတယ် မဟုတ်ပါလား!
ခွေးအဟောင် ခံရသူတိုင်းဟာ သူခိုးဟုတ်ချင်မှ ဟုတ်မယ်၊ စာပို့လုလင်လည်း ဖြစ်နိုင်တယ်။ မုတ်ဆိတ်ရှည် ထားသူတိုင်းဟာ အနုပညာသည် ဟုတ်ချင်မှ ဟုတ်မယ်။ ဆံပင်ရှည် ထားသူတိုင်းဟာလည်း လမ်းသရဲ ဟုတ်ချင်မှ ဟုတ်မယ်။
By Nine Nine Sanay








0 comments:
Post a Comment