By The Voice Journal
စင်ကာပူ
အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်း ကုမ္ပဏီ TiongSeng Holdings သည်
ပြည်တွင်းမှ အင်အားကြီး ဆောက်လုပ်ရေး ကုမ္ပဏီ ရွှေတောင်တို့ ပူးပေါင်း၍
ဆောက်လုပ်ရေး လုပ်ငန်းသုံး ပုံသွင်းကွန်ကရစ် ပစ္စည်းများ (Precast
Components) ထုတ်လုပ်သည့် စက်ရုံ တစ်ခုကို တည်ဆောက် သွားမည်ဟု ထုတ်ပြန်
ကြေညာသည်။အဆိုပါ စက်ရုံ တည်ဆောက်ရန် အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ရင်းနှီးမြှုပ်နှံ ရမည်ဖြစ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနက စတင်နေပြီဖြစ်သော မြို့ပြဖွံ့ဖြိုးရေး နှစ် ၂၀ စီမံကိန်းအတွက် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်ဟု TiongSeng ကုမ္ပဏီမှ CEO ဖြစ်သူ Peck Lian Guan က ပြောကြားကြောင်း စင်ကာပူ သတင်းဌာနများတွင် ဖော်ပြထားသည်။
အဆိုပါ စက်ရုံကို TiongSeng Holdings Limited က ပိုင်ဆိုင်သော Robin Village Development ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊ ရွှေတောင်ဖွံ့ဖြိုးရေး ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သော High Tech Concrete Technology Co.,Ltd. က ၅၅ ရာခိုင်နှုန်းနှင့် Sin Mian Development Pte.Ltd. က ၁၅ ရာခိုင်နှုန်း အသီးသီးအချိုးကျ ပိုင်ဆိုင်ကြမည် ဖြစ်သည်။ ယင်းစက်ရုံမှ ပထမဆုံးထုတ်လုပ်မည့် ပစ္စည်းများကို အစိုးရက အကောင်အထည် ဖော်နေသော အိမ်ရာစီမံကိန်းများတွင် အသုံးပြုသွားနိုင်ရန် မျှော်လင့်နေကြောင်း စင်ကာပူ မီဒီယာ အချို့က ဖော်ပြကြသည်။
“Precast Components တွေက ဒီမှာတော့ နည်းနည်း စိမ်းတာပေါ့။ နိုင်ငံတကာမှာတော့ အသုံးတွင် ကျယ်နေပြီ။ ကုန်ကျစရိတ်ရော လုပ်အားရော အများကြီး သက်သာတယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက မှတ်ချက်ပေးသည်။ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပုံသွင်းကွန်ကရစ် ပစ္စည်းများသည် အဆောက်အအုံ ဆောက်လုပ်ရာတွင် ကွန်ကရစ်ဖျော်ရည် အသုံးမပြုဘဲ တစ်စချင်းစီ တပ်ဆင်၍ တည်ဆောက်နိုင်စေရန် ကြိုတင် ပြုလုပ် ထားသော နံရံများ၊ အမိုးများ အစရှိသည့် အစိတ်အပိုင်းများ ဖြစ်သည်။








0 comments:
Post a Comment