-->

Thursday, July 18, 2013

လူ့အခွင့်အရေး ချိုးဖောက်သည့် နိုင်ငံများသို့ ဗြိတိန် လက်နက် တင်ပို့မှု လွှတ်တော် ဝေဖန်

By The Voice Journal

လူ့အခွင့်အရေး ချိုးဖောက်သည့် နိုင်ငံများသို့ ဗြိတိန် လက်နက် တင်ပို့မှု လွှတ်တော် ဝေဖန်လူ့အခွင့်အရေး ကျင့်သုံးမှုနှင့် ပတ်သက်၍ မေးခွန်း ထုတ်စရာများ ပေါ်ပေါက်နေသော နိုင်ငံများသို့ ဗြိတိန်နိုင်ငံက လက်နက်များ တင်ပို့ ရောင်းချနေခြင်းကို လွှတ်တော် အမတ်များက ဝေဖန်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
လူ့အခွင့်အရေး ချိုးဖောက်သည်ဟု အငြင်းပွားဖွယ် ကိစ္စများ ဖြစ်ပေါ်နေသော နိုင်ငံပေါင်း ၂၇ နိုင်ငံသို့ လက်နက် တင်ပို့ ရောင်းချမှုသည် ယူရိုငွေ ၁၂ ဘီလီယံ ကျော်နေကြောင်း ဗြိတိသျှ အောက်လွှတ်တော် လက်နက် တင်ပို့မှု ထိန်းချုပ်ရေး ကော်မတီက ထုတ်ပြန်လိုက်သည်။ လက်နက် တင်ပို့သည့် နိုင်ငံများတွင် တရုတ်၊ အီရန်နှင့် ဆော်ဒီ အာရေးဗီးယား နိုင်ငံများ ပါဝင်နေပြီး သီရိလင်္ကာနိုင်ငံသို့ လက်နက် တင်ပို့မှု သည် ‘အလွန် မေးခွန်းထုတ်ဖွယ် ကောင်းကြောင်း’ အစီရင်ခံစာ တွင် ဖော်ပြထားသည်။
အဆိုပါ ကော်မတီတွင် စီးပွားရေး၊ ကာကွယ်ရေး၊ နိုင်ငံခြား ရေးရာနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အဖွဲ့ဝင်များ ပါဝင်ပြီး အချင်းချင်း ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။ လက်နက် တင်ပို့မှု ပမာဏနှင့် တန်ဖိုးကို လွန်စွာ ထိတ်လန့် အံ့သြ မိကြောင်း ကော်မတီ ဥက္ကဋ္ဌ ကွန်ဆာဗေးတစ်အမတ် ဆာဂျွန်စတန်လေက မှတ်ချက်ပြုသည်။ အမေရိကန်နိုင်ငံ၏ အရေးယူ ပိတ်ဆို့မှု ခံနေရသော အစ္စလာမ္မစ် အီရန်နိုင်ငံ သို့ စစ်ဘက် လက်နက် ပစ္စည်း လိုင်စင် ပေးပို့မှုပေါင်း ၆၀ ကျော်ရှိပြီး စစ်ဘက်သုံး အီလက်ထရွန်နစ်ပစ္စည်းများ ပါဝင်နေသည်။ ထို့အပြင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံသို့ လက်နက် တင်ပို့ခြင်းကို အီးယူ အဖွဲ့က ပိတ်ပင်ထားသော် လည်း ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံကို လက်နက် ပစ္စည်း ယူရို ၁ ဒသမ ၃ ဘီလီယံဖိုး တင်ပို့ပေးခဲ့ပြီး လက်နက်ငယ် ကျည်ဆန် များ ပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
“EU အဖွဲ့ရဲ့ လက်နက် တင်ပို့မှု ပိတ်ပင်ရေး ဥပဒေဟာ အများ မျှော်လင့် ထားသလောက် ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲခဲ့တာ မဟုတ်ဘူး” ဟု ဆာဂျွန်စတန်လေက ပြောကြားသွားသည်။ စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားခဲ့သော အီဂျစ်နိုင်ငံသို့ လက်နက် တင်ပို့ရန် လိုင်စင်ပေါင်း ၁၃၄ ခု ခွင့်ပြုထားသဖြင့် လက်ရှိ ကျင့်သုံးနေသော မူဝါဒ များနှင့် ကိုက်ညီမှု ရှိ မရှိ ပြန်လည် သုံးသပ်ရန် အစီရင်ခံစာတွင် တိုက်တွန်း ထားသည်။ ပို့ကုန် လိုင်စင်ဖြင့် ဒေသတွင်း သို့မဟုတ် ပြည်တွင်း ပဋိပက္ခများကို ရှည်ကြာစေမည့် သို့မဟုတ် ဖြစ်ပေါ်စေမည့် သို့မဟုတ် ပြည်တွင်း ဖိနှိပ်မှုကို တိုးပွားစေမည့် အန္တရာယ် အလားအလာများ ပေါ်ပေါက်နေပါက လိုင်စင် ထုတ်မပေးသင့်ကြောင်း လက်ရှိ ကျင့်သုံးနေသော မူဝါဒများတွင် ဖော်ပြ ထားသည်။
လက်နက် တင်ပို့မှု မြှင့်တင်ခြင်းနှင့် လူ့အခွင့်အရေး မြှင့်တင်မှုများသည် ဗြိတိသျှ အစိုးရအဖွဲ့၏ တရားဝင် မူဝါဒများ ဖြစ်သည်။ သို့သော်လည်း အာဏာရှင် နိုင်ငံများအား လက်နက် တင်ပို့ခြင်းနှင့် ယင်းနိုင်ငံများ၌ လူ့အခွင့်အရေး မရှိခြင်းကြောင့် ဝေဖန်ခြင်းကြား ခွဲခြား မရသော ပဋိပက္ခများ ရှိနေသည်ကို အစိုးရ အဖွဲ့အနေနှင့် ဝန်ခံ အသိအမှတ်ပြုရန် လိုအပ်ကြောင်း၊ မူဝါဒ နှစ်ရပ် အပြန်အလှန် အထောက်အကူပြု အားဖြည့်ပေးရန် လိုအပ်ကြောင်း အောက်လွှတ်တော် အစီရင်ခံစာတွင် သုံးသပ်ထားသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks