-->

Monday, July 29, 2013

သန့်ရှင်းတဲ့ ပလတ်စတစ် မျှော်လင့်ချက်နဲ့ ၁၆နှစ်သမီး တူရကီသူ

သန့်ရှင်းတဲ့ ပလတ်စတစ် မျှော်လင့်ချက်နဲ့ ၁၆နှစ်သမီး တူရကီသူပါရမီရှင် တစ်ဦး ဖြစ်လာစေဖို့ စိတ်ကူးစိတ်သန်း ပင်ကိုဓာတ်ခံက တစ်ရာခိုင်နှုန်း လိုအပ်ပြီး အလုပ် ကြိုးစားဖို့က ၉၉ ရာခိုင်နူန်း လိုအပ်တယ်လို့ တီထွင်ပါရဂူ သောမက်စ် အက်ဒီဆင်က ဆိုထားပါတယ်။ ဒီလိုကြိုးစား ပမ်းစားရှိတဲ့ အက်ဒီဆင်လို စိတ်ထားမျိုးကို ၂၀၁၃ Google သိပ္ပံပွဲတော်မှာ ဒေါ်လာ ငါးသောင်းတန် ဆုချိတ်ခဲ့တဲ့ တူရကီနိုင်ငံက အသက် ၁၆ နှစ်အရွယ် ကောင်မလေး အီလစ်ဖ်ဘီဂင် ဆီမှာလည်း တွေ့ရပါတယ်။ ဒီလိုဆုမျိုးက သဘာဝ ပတ်ဝန်းကျင်၊ ကျန်းမာရေး စတာတွေကိုလည်း အကျိုးပြုပြီး လက်တွေ့လုပ်ဆောင်ဖို့လည်း ဖြစ်နိုင်ခြေရှိတဲ့ တီထွင်ဖန်တီးမှုမျိုးကို ရွေးချယ် ချီးမြှင့်တာ ဖြစ်ပါတယ်။
အမှိုက်ပုံထဲ လွှင့်ပစ်ရမယ့် ငှက်ပျောခွံကနေ ဇီဝပလတ်စတစ် ထုတ်ဖို့အတွက် တီထွင်တာကို ဘီဂင် အနေနဲ့ ၂နှစ်လောက် ကြိုးစားပမ်းစား လုပ်ခဲ့ရတာပါ။ ရလာတဲ့ ပလတ်စတစ်က မခိုင်တာတို့ ပုပ်ကုန်တာတို့ စတဲ့မအောင်မြင်တဲ့ စမ်းသပ်မှု ဆယ်ခုလောက်ကို သူမကျော်ဖြတ်ခဲ့ ရပါတယ်။ စိတ်ဓာတ်တော့ ကျမသွား ခဲ့ပါဘူး။
“အက်ဒီဆင်က ပြောခဲ့တယ် မဟုတ်လား အကြိမ်တစ်ထောင် မအောင်မြင်ခဲ့ ရင်တောင် ကျုပ်မအောင်မြင်တာ မဟုတ်ဘူး။ အလုပ်မဖြစ်တဲ့ နည်းလမ်းတစ်ထောင်ကို ရှာဖွေတွေ့ရှိ သွားခဲ့တာလို့ ပြောခဲ့ပါတယ်” ဟု ၁၆နှစ်အရွယ် တီထွင်မယ်လေးက ဆုရရှိစဉ်က ပြောကြားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သူလိုချင်တဲ့ မပုပ်သိုးသော ပလတ်စတစ်မျိုးကို ငှက်ပျောသီးခွံကနေ အောင်အောင်မြင်မြင် တီထွင်နိုင်ခဲ့ ပါတော့တယ်။ သူမရဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ပါရမီ ကြီးမားမှုကို အားလုံးက လက်ဖျားခါ ချီးကျူးခဲ့ကြရ ပါတယ်။ နှစ်အတော်ကြာ စိတ်နှစ်ဇွဲ စိုက်ထုတ်ပြီး ကြိုးစားခဲ့ရမှုတွေရဲ့ အသီးအပွင့်တွေပါပဲ။
သူမ ရရှိအောင်မြင်ခဲ့တဲ့ Google Science Fair ဟာ အင်တာနက်ကနေ တစ်ဆင့် ယှဉ်ပြိုင်ရတဲ့ သိပ္ပံဆိုင်ရာ တီထွင်မှုပြိုင်ပွဲ ဖြစ်ပြီးတော့ ၂၀၁၁ ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အထိ နိုင်ငံတိုင်းက ကျောင်းသားကျောင်းသူတွေ ဝင်ရောက်ယှဉ်ပြိုင် နိုင်ကြပြီးတော့ ဆုရရှိသူတွေဟာ အမေရိကန်ဒေါ်လာ ငါးသောင်းရရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆုကို ပူးတွဲငွေကြေး ထောက်ပံ့ပေးတဲ့ National Geographic အဖွဲ့အစည်းကလည်း ဆုရရှိသူတွေကို လေ့လာရေး ခရီးစဉ်တွေ စီစဉ်ပေးပါတယ်။
ဘီဂင် တီထွင်ခဲ့တဲ့ ပလတ်စတစ်ဟာ ကျန်းမာရေးကိုရော သဘာဝပတ်ဝန်းကျင် ကိုပါ ဘေးထွက်ဆိုးကျိုး လုံးဝမရှိပါဘူး။ “လူတိုင်း ကိုယ့်ဘာသာ ကိုယ်တိုင်လုပ်လို့ရတယ်” လို့တောင် သူမက ဆိုပါသေးတယ်။ သရက်သီးအသားလိုမျိုး သစ်သီးမှာပါတဲ့ ကစီတွေနဲ့ ဆယ်လူးလို့စ် တွေကနေ ဇီဝပလတ်စတစ် ထုတ်လုပ်လို့ရသလို ငှက်ပျောသီး အခွံကလည်း ရနိုင်လိမ့်မယ်လို့ သူမက ယူဆခဲ့တာပါ။ ဇီဝပလတ်စတစ်တွေကို အသုံးပြုမယ်ဆိုရင် ရေနံထုတ်ကုန် ပစ္စည်းတွေကို အခြေပြုတဲ့ ပလတ်စတစ်တွေ နေရာကို အစားထိုးနိုင်လိမ့်မယ်လို့လည်း သူမက မျှော်လင့်ခဲ့ပါတယ်။ ဒါ့အပြင် လျှပ်စစ်ဝါယာ ကေဘယ်ကြိုးတွေရဲ့ လျှပ်ကာသား အဖြစ်လည်း အသုံးပြုနိုင်ပြီးတော့ အလှကုန်ပစ္စည်းတွေမှာ ထည့်ရတဲ့ ဟိုက်ဒရိုကာဗွန် ဓာတုပစ္စည်းတွေ နေရာမှာလည်း အစားထိုးနိုင်မယ်လို့ သူမရဲ့ စမ်းသပ်တင်ပြချက်တွေက သက်သေပြလို့နေပါတယ်။
“ကျွန်မရဲ့တီထွင်မှုဟာ ရေနံ ဘေးထွက်ပစ္စည်းကနေ ထုတ်တဲ့ ပလတ်စတစ် ညစ်ညမ်းမှုတွေကို အဖြေရှာပေးနိုင်မယ့် လမ်းစလို့ ကိုယ့်ဘာသာ ယူဆမိပါတယ်။ အပြောင်းအလဲကို ဖြစ်စေမယ့် လမ်းစတစ်ခုကို အစပျိုးလိုက်နိုင်တာမို့ ကိုယ့်ကိုယ်ကိုယ် အောင်မြင်ပြီလို့ ခံစားမိပါတယ်” လို့ သူမရဲ့တီထွင်မှုနဲ့ ပတ်သက်ပြီးတော့ ဂုဏ်ယူစွာ ပြောဆိုခဲ့ပါသေးတယ်။
သူမရဲ့ ရည်ရွယ်ချက်ကတော့ ဆေးကျောင်းတက်ချင်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပလတ်စတစ်ကို အထက်တန်းကျောင်းသူအရွယ်မှာ တီထွင်ခဲ့တဲ့ပုံပါပဲ။ သိပ္ပံပညာဟာ ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းပြုရမယ့် ယုံကြည်ချက်ပါပဲလို့ တူရကီသူ သမီးငယ်လေးက အခိုင်အမာ ဆိုပါတယ်။
“Google သိပ္ပံပွဲတော်ကို မသိခင်ကတည်းက ကျွန်မရဲ့တီထွင်မှုကို လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။ တီထွင်မှု အပြီးသတ်ခါနီးမှာ ဝင်ရောက်ပြသလို့ရမယ့် ပြိုင်ပွဲလိုမျိုးကို စပြီးရှာဖွေခဲ့ပါတယ်။ သိပ္ပံတီထွင်မှု ပြိုင်ပွဲဆိုပြီး Google မှာရိုက်ပြီး ရှာခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ Google သိပ္ပံပွဲတော်ကို ပထမဆုံး ကျွန်မတွေ့ခဲ့ပါတယ်။ ပြိုင်ပွဲလမ်းညွှန်ချက်ကို ဖတ်ကြည့်ပြီးလိုက်တာနဲ့ ဒီပြိုင်ပွဲဟာ ကျွန်မဝင်ပြိုင်ရမယ့် ပြိုင်ပွဲဆိုတာ သိလိုက်ပါတယ်” လို့ အီလစ်ဖ်ဘီဂင်က သူမရဲ့ တီထွင်မှုကို ချပြရခြင်းအကြောင်းကို ဆိုပါတယ်။
အတိတ်ကိုများ ပြန်သွားလို့ ရနိုင်မယ်ဆိုခဲ့ရင် ၁၈၁၇ ခုနှစ်မှာ စပြီးဖြစ်ခဲ့တဲ့ ကာလဝမ်းရောဂါကပ်ကို တားနိုင်မယ့်ဆေးဝါးကို တီထွင်ချင်ပါတယ်လို့ သူမက ဆိုပါတယ်။ ကာလဝမ်းရောဂါပိုး ကာကွယ်ကုသဆေးကို ၁၉၁၂မှ စပြီးတီထွင်နိုင်ခဲ့တာ ဖြစ်တဲ့အတွက် စောပြီးသာ တီထွင်နိုင်ခဲ့မယ်ဆိုရင် အသက်တွေ အများကြီးကို ကယ်တင်နိုင်လိမ့်မယ်လို့ သူမက ပြောခဲ့ပါတယ်။
အီလစ်ဖ်ဘီဂင်ဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် နေထိုင်သူဖြစ်ပြီး Koc အထက်တန်းကျောင်းမှာ ပညာသင်ကြားနေသူ ဖြစ်ပါတယ်။ လေးတန်းကျောင်းသူ ဘဝကတည်းက အဆင့်မြင့် ထူးချွန်စာမေးပွဲတွေ ဖြေခဲ့ရပြီးတော့ အစိုးရက ချီးမြှင့်တဲ့ ပါရမီရှင်ထူးချွန် ကျောင်းသားကျောင်းသူဆုကိုလည်း ရရှိခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ဇီဝဗေဒနှင့် ဓာတုဗေဒပညာရပ်တို့မှာ စိတ်ဝင်စားပြီး ထူးလည်းထူးချွန်ခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့သူရဲကောင်း အားကျရတဲ့ ပုဂ္ဂိုလ်ကတော့ ရေဒီယိုသတ္တိကြွတာကို ရှာဖွေတွေ့ရှိခဲ့တဲ့ အမျိုးသမီး သိပ္ပံပညာရှင် မာရီကျူရီ (မဒမ်ကျူရီ) ပါပဲ။
သတင်းဆက်သွယ်ရေး နည်းပညာ တိုးတက်လာတဲ့ ဒီခေတ်မှာ ကြိုးစားပြီး ယုံကြည်ချက် ထက်သန်တဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတွေ ပိုမိုပွင့်လန်းလာတယ် ဆိုတာကို တူရကီသူ ၁၆ နှစ်သမီးလေးက သက်သေပြလိုက်တာ ဖြစ်ပါတယ်။ တီထွင်ဖန်တီးမှုကို အားပေးပြီး ကောင်းမွန်တဲ့ ပညာရေးစနစ်နဲ့ အင်တာနက်နည်းပညာ ပေါင်းစပ်လိုက်တဲ့အခါ လူငယ်တွေရဲ့ အရေးပါတဲ့ တီထွင်ဖန်တီးမှုတွေ သွက်လက်လာတာကို တွေ့ရပါတယ်။ Google ရဲ့အကျိုးရှိတဲ့ သိပ္ပံပြိုင်ပွဲ အစီအစဉ်နဲ့ ထူးချွန်ထက်မြက်တဲ့ အီလစ်ဖ်ဘီဂင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖော်ပြရခြင်းလည်း ဖြစ်ပါတယ်။
(သန့်ဇင်စိုး)

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks