-->

Monday, July 29, 2013

Goal.com ၏ အကောင်းဆုံးဆု မက်ဆီ ဆွတ်ခူးခဲ့

Goal.com ၏ အကောင်းဆုံးဆု မက်ဆီ ဆွတ်ခူးခဲ့ပြီးခဲ့သည့်ရာသီအတွက် Goal.com မှ ထုတ်ပြန်ခဲ့သည့် အကောင်းဆုံး ကစားသမား ၅၀စာရင်းတွင် မက်ဆီမှာ ထိပ်ဆုံးမှ ဦးဆောင်ခဲ့ပြီး
Goal 50 award ရရှိသွားခဲ့သည်။ မက်ဆီသည် ၂၀၁၂-၁၃ရာသီက ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ဂိုး ၆၀ သွင်းယူနိုင်ခဲ့ပြီး ဘောလုံးပြက္ခဒိန် တစ်နှစ်တာအတွင်း ၉၁ဂိုး သွင်းယူကာ ဂတ်ဒ်မူလာ၏ စံချိန်ကိုကျော်ဖြတ်နိုင်ခြင်း၊ လာလီဂါ ၁၉ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ကာ ပြိုင်ဘက်အသင်းတိုင်းကို ဂိုးသွင်းယူနိုင်သည့် ကစားသမားဖြစ်ခဲ့ခြင်း စသည့် စွမ်းဆောင်မှုများကြောင့် ယခုကဲ့သို့ ဆုရခဲ့ခြင်းဖြစ်သည်။
မက်ဆီသည် ၂၀၀၉၊ ၂၀၁၁ ခုနှစ်များတွင် အဆိုပါဆု ဆွတ်ခူးနိုင်ခဲ့ပြီး ရော်နယ်ဒိုနှင့် တူညီနေရာမှ ယခုအခါတွင် တတိယအကြိမ်မြောက် ဆုရခဲ့ပြီး ရော်နယ်ဒိုကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဆုရရှိခြင်းနှင့် ပတ်သက်၍ မက်ဆီက“ အခု ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ကစားသမား တစ်ယောက်အနေနဲ့ တစ်ရာသီလုံး ကြိုးစားကစားရမှာဖြစ်ပြီး ဒါဟာ တစ်ဦးချင်း အောင်မြင်မှုရဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ဦးချင်း ထူးချွန်ဆုတွေ ရရင်တော့ ဒါဟာ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတာပါပဲ”ဟု ပြောခဲ့သည်။
ယခု ထုတ်ပြန်ခဲ့သည့် ကစားသမား ၅၀စာရင်းတွင် ပြီးခဲ့သည့်ရာသီက ဘိုင်ယန်နှင့်အတူ ဖလားသုံးလုံး အောင်မြင်မှု ရယူနိုင်ခဲ့သည့် ရစ်ဘာရီမှာ ဒုတိယနေရာ ရပ်တည်ခဲ့ပြီး ဆုနှစ်ကြိမ် ရခဲ့ဖူးသည့် ရော်နယ်ဒိုမှာမူ တတိယနေရာ၌ ရှိနေခဲ့သည်။ ထို့အပြင် ကစားသမား ၅၀စာရင်းတွင် ပါဝင်သည့် တစ်ဦးတည်းသော အင်္ဂလန် ကစားသမားမှာ ပြီးခဲ့သည့် ရာသီက ချဲလ်ဆီးနှင့်အတူ ခြေစွမ်းပြခဲ့သည့် လမ်းပတ်ဖြစ်သည်။

zaw zaw tun

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks