မြန်မာနိုင်ငံတွင် အင်အား အကြီးဆုံး ပါတီကြီးနှစ်ခု ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
(NLD) ပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး
ပါတီတို့အကြား သင့်မြတ်သော ဆက်ဆံရေးကြောင့် အခြားသော နိုင်ငံရေး ပါတီများ
အနေနှင့် နစ်နာမှုများ ဖြစ်ပေါ်နိုင်သည်ဟု စိုးရိမ်စိတ် မထားကြရန် NLD ပါတီ
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဇူလိုင်လ ၁၈ရက်နေ့တွင် နေပြည်တော် ကောင်စီရှိ လွှတ်တော် အဆောက် အအုံ၌ သတင်းမီဒီယာများနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ စဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်တွင်း ကိုယ်စား လှယ်နေရာ အများဆုံး ရရှိထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အကြားတွင် ဆက်ဆံရေး အထူးကောင်းမွန်ပြီး နားလည်မှုအချို့ ယူထားနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ် သူများက ထောက်ပြသည်။ ပါတီကြီးနှစ်ခု သင့်မြတ်မှု ရှိသော်လည်း လွှတ်တော်တွင် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က“အဓိက အတိုက်အခံ ပါတီအနေနဲ့ အတိုက်အခံ တာဝန်တွေကိုသာ ထမ်းဆောင် သွားမှာပါ” ဟုဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး စနစ်မှာ ပြည်ထောင်စုစနစ်ဖြစ်ပြီး ပြည်နယ် အသီးသီးတွင် တိုင်းရင်းသားပါတီများ ရှိသဖြင့် သက်ဆိုင်ရာ ပြည်နယ်များ တွင် တိုင်းရင်းသားပါတီများ အင်အားကောင်းမည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုသည်။ ပြည်ထောင်စု အဆင့် လွှတ်တော်တွင် ပါတီကြီးနှစ်ခုက လွှမ်းမိုးထား ပါကလည်း တိုင်းရင်းသားများ၏ အခန်းကဏ္ဍ မှေးမှိန်မသွားစေရန် သက်ဆိုင်ရာ ပါတီကြီးများက တိုင်းရင်းသားများ၏ အခန်းကဏ္ဍ မြှင့်တင်ပေးရန် တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
တိုင်းရင်းသား ပါတီများအားလုံး ပူးပေါင်းဖွဲ့စည်းမည့် ဖက်ဒရေးရှင်း ပါတီသစ်က အင်အားကြီး ပါတီနှစ်ခုကို ယှဉ်ပြိုင် ထိန်းကျောင်းသွားမည် ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း တိုင်းဒေသကြီးများရှိ မဲဆန္ဒနယ်များ အားလုံးတွင် ပါတီကြီးများနှင့် တန်းတူ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) က ထုတ်ပြန်ထားသည်။








0 comments:
Post a Comment