-->

Saturday, July 20, 2013

အကြမ်းဖက် နေရာများရှိ မီဒီယာသမားများကို ကာကွယ်ပေးရန် ကုလကို ဂျာနယ်လစ်များ တင်ပြ

အကြမ်းဖက် နေရာများရှိ မီဒီယာသမားများကို ကာကွယ်ပေးရန် ကုလကို ဂျာနယ်လစ်များ တင်ပြမြေပြင်များ၊ အကြမ်းဖက်မှု အခြေအနေများ ရှိနေသော နေရာများတွင် သတင်း ရယူနေသည့် သတင်းသမား များသည် ဖမ်းဆီး ထောင်ချခံရခြင်း၊ ထိပါး နှောင့်ယှက် ခံရခြင်း၊ ကိုယ်ထိလက်ရောက် ထိပါးခြင်းနှင့် အသတ်ခံရခြင်း တို့ပင် ဖြစ်လျက်ရှိရာ အန္တရာယ်ရှိသော အခြေအနေ များထဲမှ မီဒီယာ သမားများကို အကာအကွယ် ပေးပါရန် ဂျာနယ်လစ် လေးဦးနှင့် သံတမန်များ ပူးပေါင်း၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်သွင်း ထားကြောင်း ကျိုဒို သတင်း တစ်ရပ်က ရေးသား ဖော်ပြ ထားသည်။
“သတင်းထောက်တွေ ဆိုတာ ကျွန်မတို့ရဲ့ မျက်စိတွေနဲ့ နားတွေ ဖြစ်ပါတယ်” ဟု အမေရိကန် သံတမန် ရို့စ်မယ်ရီ ဒီကာလိုက လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။ “သတင်း မီဒီယာ သမားတွေရဲ့ တန်ဖိုးရှိတဲ့ လုပ်ဆောင်ပေးမှုတွေ အတွက် လုံခြုံရေးကောင်စီ အနေနဲ့ လည်း သူတို့ရဲ့ လုံခြုံရေး အတွက် ကာကွယ်ပေးသင့် ပါတယ်” ဟု ပြောကြားခဲ့သေးသည်။
လုံခြုံရေး ကောင်စီတွင် အမေရိကန်ပြည်ထောင်စုက သတင်းထောက် များ သေဆုံးမှု မြင့်တက်လာ ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲ တစ်ခုလုပ်ရန် ဆော်သြခဲ့ခြင်း ဖြစ်သည်။ ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် ၂၀၁၂ ခုနှစ်သည် သတင်း မီဒီယာသမားများ အသတ်ခံရမှု အများဆုံးနှစ် ဖြစ်ပြီး စုစုပေါင်း ၈၉ ဦး သေဆုံးခဲ့ရကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထောက်ပြထားသည်။
“သတင်းထောက်တွေကို တိုက်ခိုက်တယ်ဆိုတာ ပြည်သူကို တစ်ဆင့်ခံ တိုက်ခိုက်လိုက်တာပါပဲ။ ပြည်သူတွေရဲ့ အသိုင်းအဝိုင်းနဲ့ အဖွဲ့အစည်းတွေရဲ့ သတင်း အချက်အလက် ရပိုင်ခွင့်ကို တိုက်ခိုက်လိုက်တာပါပဲ” ဟု သက်တမ်း ၁၆၇ နှစ် အတွင်း ယင်းအဖွဲ့အစည်းမှ သတင်းထောက် ၃၁ ဦး အသတ်ခံ ရပြီးသော AP သတင်း အေဂျင်စီမှ ဒုတိယ ဥက္ကဋ္ဌနှင့် အမှုဆောင် အယ်ဒီတာ ကက်လင်း ကာရိုးလ်က ပြောကြားသည်။
ဆိုမာလီ အခြေစိုက် AFP သတင်းထောက်အဖြစ် ခုနစ်နှစ် လုပ်ကိုင်ခဲ့သော မူစတာ ဖာဟာဂျီ အဗ္ဗဒီနာ က လုပ်ဖော်ကိုင်ဖက်များ အသတ်ခံရခြင်းနှင့် သတင်းသမားများကို သတ်လိုသူများ အင်အား ပိုပို ကြီးလာနေသည့် အတွက် နေ့စဉ် လုပ်ငန်း လုပ်ဆောင်ရမှုများသည် အန္တရာယ် ကြီးမားလှသည်ဟု ဆိုခဲ့သည်။ ၎င်းနှင့် အခြား သတင်းထောက်များသည် မိမိ လုံခြုံရေးအတွက် နေ့စဉ် အလုပ်သွား အလုပ်လာ လမ်းများကိုပင် ပြောင်းလဲ သွားရခြင်း စသည့် လုံခြုံရေးသတိ အမြဲ ရှိကြရသည်ဟုလည်း ဆိုသည်။
၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံတွင် ဓာတ်ပုံ သတင်းထောက် တစ်ဦး သေဆုံးခဲ့ပြီး ၂၀၁၂ တွင်လည်း ဆီးရီးယားတွင် အမျိုးသမီး သတင်းထောက် တစ်ဦး ဆုံးရှုံးခဲ့ရသည့် ဂျပန်နိုင်ငံကလည်း သတင်းသမား များ၏ လုံခြုံရေးကို စိုးရိမ်သည့် လုံခြုံရေးကောင်စီဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပေသည်။ “၂၀၁၂ ခုနှစ်မှာ သတင်းသမား သေဆုံးမှု အရေအတွက် မြင့်မားခဲ့ရခြင်းဟာ လွတ်လပ်စွာ ထုတ်ဖော် တင်ပြခွင့်ကို တိုက်ခိုက်တာပဲ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂရှိ ဂျပန် သံအမတ်ကြီး ဂျွန်ရာမာဇာကီက ပြောကြားသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks