- By 7Day News
၂၀၁၃
မြန်မာလိဂ် ဘောလုံးရာသီ၏ နောက်ဆုံး ပွဲစဉ်ဖြစ်သည့် နေပြည်တော်-ရန်ကုန်
ပွဲစဉ်တွင် ရမ်းကားခဲ့သော ပရိသတ် အချို့အနက် ၁၂ ဦးကို စတင်ဖမ်းဆီး
စစ်ဆေးနေပြီဖြစ်ကြောင်း နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်
အမှတ်(၅)ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။တာဝန်ရှိသူ တစ်ဦးက တရားလိုပြုလုပ်ပြီး တိုင်ကြားချက်အရ အားကစားကွင်း ထိုင်ခုံများအား ဖျက်ဆီးခဲ့ရာတွင် ပါဝင်ပတ်သက ခဲ့သည်ဟု ယူဆရသည့် ပရိသတ် ၁၂ဦးကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း အဆိုပ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၈ရက်တွင်ပြောသည်။
သြဂုတ် ၄ရက် ညနေပိုင်းက ၀ဏ္ဏသိဒ္ဓိ ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါ မြန်မာလိဂ်ပွဲစဉ်၌ ပရိသတ်အချို့၏ ဖျက်ဆီးမှုကြောင့် ထိုင်ခုံအရေအတွက် ၁၅၀ ကျော် ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းသုံးရာဝန်းကျင်ခန့်ရှိကြောင်း ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူက ပြောသည်။
ဖမ်းဆီး စစ်ဆေးသူများကို ပြည်သူပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့် အရေးယူ ထားခြင်းဖြစ်ပြီး ဖျက်ဆီးမှုများတွင် ပါဝင်ပတ်သက် သူများကို ဆက်လက်စုံစမ်းအရေးယူ သွားရန်ရှိကြောင်း ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၅)ရဲစခန်း တာဝန်ရှိသူက ဆိုသည်။ ၎င်းပွဲစဉ်တွင် ပရိသတ်အချို့ စည်းကမ်းမဲ့ သောင်းကျန်းကာ ကွင်းအတွင်း ၀င်ရောက်မှု၊ ကစားသမားများ၏ ခိုက်ရန်ဖြစ်ပွားမှု တို့ကြောင့် ပွဲစဉ်ပြီးဆုံးအောင် ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ ပွဲချိန် ၃၇ မိနစ်တွင် ရပ်နားခဲ့ရသည်။ ဆိုးသွမ်း ပရိသတ် အချို့၏ ဖျက်ဆီးမှုကြောင့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲလက်ခံကျင်းပမည့် ၀ဏ္ဏသိဒ္ဓိကွင်းအတွင်းရှိ ထိုင်ခုံများ၊ လက်ရန်းတန်းများ၊ ကြော်ငြာဆိုင်းဘုတ်များ အဓိကပျက်စီးခဲ့ရကြောင်း ကွင်းအတွင်း သွားရောက်ကြည့်ရှုခဲ့သည့် ပရိသတ်အချို့က ဆိုသည်။
အဆိုပါ ပွဲစဉ်တွင် နှစ်ဖက်အသင်းမှ အုပ်ချုပ်နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများ ခိုက်ရန်ဖြစ်ပွားမှုများလည်း ရှိခဲ့ကြသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေဖြင့် အဆိုပါ ပွဲစဉ်တွင် တာဝန်ယူခဲ့သည့် ပြိုင်ပွဲကြီးကြပ်သူ၊ ဒိုင်လူကြီးများ၏ အစီရင်ခံစာ မှတ်တမ်းများ၊ ရုပ်သံမှတ်တမ်းများကို ကြည့်ရှုစစ်ဆေးကာ မကြာမီရက်ပိုင်းအတွင်း အရေးယူမှုများပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။








0 comments:
Post a Comment