-->

Sunday, August 11, 2013

ဗိုလ်ချုပ်လက်ရေးမူ ဦးခင်အောင်မြင့် ပြန်ပေးတော့မည်

By 7Day News

ဗိုလ်ချုပ်လက်ရေးမူ ဦးခင်အောင်မြင့် ပြန်ပေးတော့မည်ရန်ကုန်- ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေး မူပါဠိမှတ်စု စာအုပ်ကို ယူဆောင် သွားသော အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အဆိုပါ စာအုပ်ကို ရေနံချောင်း မြို့မိမြို့ဖများသို့ ပြန်လည်ပေးအပ်မည်ဟု ပြောကြား လိုက်ကြောင်း သတင်းရရှိသည်။ သြဂုတ် ၉ ရက် ရေနံချောင်းမြို့တွင် စာအုပ်ပြန်လည်ရရှိရေးအတွက် ပြုလုပ်သော အခမ်းအနား၌ ရေနံချောင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ညိမ်း တက်ရောက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အဆိုပါစာအုပ်ကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ဦးခင်အောင်မြင့်ကိုယ်စား ပြောကြားခဲ့သည်။
“ဦးခင်အောင်မြင့်က သူကိုယ်တိုင် မလာနိုင်လို့ ပြောကြား ခိုင်းတာပါ။ ရေနံချောင်းမြို့ကသူတွေ ဒီစာအုပ်ကို အလွန်ချစ်မြတ်နိုးကြတယ်ဆိုတာသိလို့ ၀မ်းသာနေပါတယ်။ သူလည်း ဒီစာအုပ်ကို တန်ဖိုးထားပါတယ်။ လွှတ်တော်ပြီးတဲ့အချိန် စာအုပ်ကိုလာပေးမှာပါ။ ဒီကြားထဲမှာ ယူချင်တယ်ဆိုရင် လာယူလှည့်ကြပါလို့ မှာလိုက်ပါတယ်”ဟု ရေနံချောင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ညိမ်းက ပြောသည်။ “စာအုပ်ကို ပြန်ပေးမယ်ဆိုလို့ ၀မ်းသာပါတယ်။ ဒီကြားထဲမှာ သွားယူမှာပါ။ စာအုပ်ပြန်ရမှ နိုင်ငံတော်ကို လှူသင့်၊ မလှူသင့်ဆိုတာ မြို့မိမြို့ဖတွေနဲ့ တိုင်ပင်သွားမှာပါ”ဟု အဆိုပါစာအုပ်ပြန်ရရှိရေးအတွက် ရေနံချောင်းမြို့မိမြို့ဖ ၂၁ ဦးဖြင့် ဖွဲ့စည်းထားသည့် ကော်မတီဥက္ကဋ္ဌ ဦးသာချိုက ပြောသည်။
အဆိုပါ စာအုပ် ပြန်လည်ရရှိရေး အတွက် သြဂုတ် ၇ ရက်တွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ထံ တောင်းဆိုသောစာကို ယင်းအဖွဲ့က ရေးသားပေးပို့ခဲ့သည်။ ထိုစာထဲတွင် စာပေးပို့သည့်ရက်မှစပြီး ခုနစ်ရက်အတွင်း ရေနံချောင်းမြို့ အမှတ် (၁)အထက်တန်းကျောင်းသို့ အရောက်ပေးပို့ရမည်ဟု တောင်းဆိုသည့်စာတွင် ရေးသားထားကြောင်း ဦးသာချိုက ဆက်လက်ပြောသည်။
ဇူလိုင် ၁၉ ရက်တွင် ရေနံချောင်းမြို့သို့ ရောက်ရှိလာသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ရေနံချောင်း အမှတ်(၁)အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ရေနံချောင်း မြို့သူမြို့သားများ အမြတ်တနိုး ဂုဏ်ယူစွာ ထိန်းသိမ်းစောင့်ရှောက်ထားသော ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူပါဠိစာအုပ်ကို ရေနံချောင်း အမှတ် (၁)ကျောင်းအုပ်ဆရာမကြီးထံမှ တောင်းယူသွားခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks