By The Voice Journal
ပဋိပက္ခများ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ဘင်္ဂါလီများ နေထိုင်သည့် အုန်းတောကြီး
ကျေးရွာ နယ်မြေ ရဲကင်းများကို ဘင်္ဂါလီလူမျိုး ၁၀၀၀ ခန့်က မီးရှို့ဖျက်ဆီး
ခဲ့သဖြင့် ရဲတပ်ဖွဲ့က ပြန်လည် ပစ်ခတ်ခဲ့ရာ ဘင်္ဂါလီသုံးဦး ဒဏ်ရာ
ရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ
အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။အုန်းတောကြီး ကျေးရွာ အနီးရှိ ချောင်းတွင် သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိသော ဘင်္ဂါလီ အမျိုးသမီး အလောင်းကို စစ်ဆေးရန် ရဲတပ်ဖွဲ့ဝင်များက ယူဆောင်လာရာ ဘင်္ဂါလီများက အလောင်းကို ပြန်ပေးရန် တောင်းဆို ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က အလောင်းကို ပြန်မပေးသဖြင့် ယင်းနယ်မြေရှိ ရဲကင်းစခန်းတစ်ခုနှင့် န.စ.က စခန်းဟောင်း လေးလုံးကို ဘင်္ဂါလီများက စတင်မီးရှို့ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့က သေနတ်မိုးပေါ်ထောင်ပစ်ကာ လူစုခွဲ ဟန့်တားခဲ့ကြောင်း ၎င်းကဆိုသည်။
မိုးပေါ်ထောင်ကာ သေနတ်ပစ်ဖောက် လူစုခွဲသော်လည်း မကွဲသဖြင့် လူအုပ်ထဲကို ထပ်မံပစ်ခတ်ခဲ့ လူစုခွဲခဲ့ရာ ဘင်္ဂါလီသုံးဦး ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့သူ မရှိကြောင်း၊ ယင်းမီးရှို့တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပါဝင်ပတ်သက်သူ ဘင်္ဂါလီ ခုနစ်ဦးကို ဖမ်းဆီးထားကြောင်း ဦးဝင်းမြိုင်က ပြောကြားသည်။
“လုံခြုံရေးတွေကို ဘင်္ဂါလီတွေက စတင်တိုက်ခိုက်လို့ ပစ်ခတ်လူစုခွဲခဲ့ရတာ” ဟု ၎င်းကဆိုသည်။ အစိုးရအဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးသူမရှိဟု တရားဝင် ပြောဆို ထားသော်လည်း သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းကျေးရွာ အနီးတွင် လုံခြုံရေးတပ်ဖွဲ့များ တင်းကျပ်စွာ ချထားကြောင်း အုန်းတောကြီး ဒုက္ခသည်စခန်းတွင် ရောက်ရှိနေသည့် ဦးအဒူရာဇတ်၏ အဆိုအရ သိရသည်။
သြဂုတ်လ ၉ရက် နံနက် ၄ နာရီခန့်က ပေါက်တော မြို့နယ်ကလာသည့် တံငါသည် အမျိုးသား တစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားသည့် အလောင်းကို ပြန်ပေးရန် တောင်းဆိုရာမှ ပြဿနာ စတင်ခဲ့သည်ဟု ဘင်္ဂါလီအချို့ကဆိုပြီး ပစ်ခတ်မှုကြောင့် တံငါသည် အပါအဝင် သုံးဦးသေဆုံးကာ ငါးဦးဒဏ်ရာ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ ကင်းစခန်းများကိုလည်း ဘင်္ဂါလီများက မီးရှို့ခြင်း မဟုတ်ဟု ၎င်းတို့က ငြင်းဆိုသည်။
အုန်းတောကြီးကျေးရွာနှင့် ဘောဒူဖ ဒုက္ခသည်စခန်းများကို ဆက်သွယ်ထားသည့် လမ်းကိုလည်း ရေမြောင်းများတူးကာ လုံခြုံရေးများ ဝင်၍မရအောင် ဘင်္ဂါလီများက ပိတ်ဆို့မှု ပြုလုပ်ခဲ့ကြောင်း ဦးဝင်းမြိုင်က ထပ်မံပြောကြားသည်။ စစ်တွေမြို့တွင် ဧပြီလ ၂၆ ရက်နေ့က ပြည်ထောင်စုအဆင့် စီမံချက်ချကာ ဘင်္ဂါလီလူဦးရေ စာရင်းကောက်ခံရာတွင် ဘင်္ဂါလီနေရာတွင် ရိုဟင်ဂျာဟု ထည့်သွင်းရန် တောင်းဆိုမှုကို ခွင့်မပြု၍ စာရင်းကောက်သည့်အဖွဲ့ကို ဘင်္ဂါလီများက တိုက်ခိုက်ခဲ့သဖြင့် စစ်ဆေးရေး အဖွဲ့ဝင်ရှစ်ဦး ဒဏ်ရာရရှိခဲ့ကာ လူဦးရေစာရင်းကောက်မှုကို ယာယီရပ်ဆိုင်းခဲ့ရသည်။
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ဘောဒူဖဘင်္ဂါလီ ဒုက္ခသည်စခန်းတွင် ကယ်ဆယ်ရေး အဆောက်အအုံများ၏ အရည်အသွေးကို လာရောက်စစ်ဆေးသည့် စစ်တွေ ခရိုင်အင်ဂျင်နီယာမှူးနှင့် အဖွဲ့ကို ဘင်္ဂါလီ ၇၀ ခန့်က တိုက်ခိုက်ခဲ့သဖြင့် စစ်ဆေးရေးအဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ထက်အောင်ဖြိုး








0 comments:
Post a Comment