-->

Sunday, August 11, 2013

အထည်ချုပ်ကဏ္ဍ လုပ်သားနှစ်သိန်း အလုပ်အကိုင် ပေးနိုင်မည်ဟုဆို

By The Voice Journal

အထည်ချုပ်ကဏ္ဍ လုပ်သားနှစ်သိန်း အလုပ်အကိုင် ပေးနိုင်မည်ဟုဆိုနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ စတင်ဝင်ရောက် လာနေပြီ ဖြစ်သော မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း ကဏ္ဍသည် ၂၀၁၄ ခုနှစ်အတွင်း လုပ်သား နှစ်သိန်းဝန်းကျင်ခန့်ကို အလုပ်အကိုင်များ ဖန်တီးပေးနိုင် မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။
အထည်ချုပ် လုပ်ငန်းသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နှစ်လယ်အထိ လုပ်သားအင်အား တစ်သိန်းနှစ်သောင်းခန့်ကို အလုပ်အကိုင်များ ပေးထားနိုင်ခဲ့ပြီး ပြည်တွင်းပြည်ပ အထည်ချုပ်လုပ်ငန်း ၄၀ ကျော် တိုးလာပြီးနောက် ၂၀၁၄ ခုနှစ်တွင် လုပ်သားအင်အား နှစ်သိန်းခန့်အထိ အလုပ်အကိုင် ပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းတွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နှစ်လယ်ခန့်အထိ အဖွဲ့ဝင်ထားသည့် အထည်ချုပ်လုပ်ငန်း ၂၄၀ ခန့်သာရှိရာမှ လက်ရှိတွင် ၂၈၀ ကျော်အထိ တိုးလာ ကြောင်း အထည်ချုပ် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အထည်ချုပ်လုပ်ငန်း ၁၉ ကို ခွင့်ပြုပြီးဖြစ်ရာ ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၈ ခုနှင့် ဖက်စပ်လုပ်ငန်း ၁၁ ခုတို့ ပါဝင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ကုမ္ပဏီများ မှတ်ပုံတင်နှင့် ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
အနည်းဆုံး အခြေခံလစာ သတ်မှတ်ရန် အစိုးရက စီစဉ်လျက် ရှိသော်လည်း လုပ်သားများ၏ အခြေခံ အခွင့်အရေးများကိုမူ အလုပ်ရှင်များထံမှ တောင်းဆိုနေရဆဲ ဖြစ်ကြောင်း အလုပ်သမားများ အရေး လိုက်ပါဆောင်ရွက်သူ ရှေ့နေဦးဌေးက ဆိုသည်။ “အလုပ်ရှင်တွေရဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေကတော့ ရှိနေဆဲပါပဲ။ ကျွန်တော်တို့ ဘက်ကလည်း အခြေခံ အလုပ်သမား အခွင့်အရေးရဖို့ တစိုက်မတ်မတ် တောင်းဆိုခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။ နယ်ဒေသများမှ လာရောက် လုပ်ကိုင်သည့် လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ အထည်ချုပ်ဝန်ထမ်း အချို့သည် ရရှိသည့် လစာဝင်ငွေဖြင့် နေထိုင်စားသောက်စရိတ် လုံလောက်ခြင်း မရှိ၍ နယ်ဒေသတွင် ကျန်ရစ်သည့် မိသားစုများအတွက် ပြန်လည် ထောက်ပံ့ပေးနိုင်ရန်ပင် အခက်တွေ့လျက် ရှိကြောင်း လှိုင်သာယာ စက်မှုဇုန် (၅) ရှိ အထည်ချုပ် စက်ရုံတွင် လုပ်ကိုင်နေသည့် အလုပ်သမားများက ဆိုသည်။
မြန်မာအထည်ချုပ် ကဏ္ဍသည် ဥရောပ သမဂ္ဂ၏ အထူးအခွန် ကင်းလွတ်ခွင့်ကို ဇွန်လအတွင်း ရရှိထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အထည်ချုပ် အဆောက်အအုံ ခေါင်မိုးပြိုကျကာ အလုပ်သမားများ ထိခိုက်သေဆုံးမှုနှင့် ဆက်စပ်၍ ယင်းနိုင်ငံကို ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့က အထူးအခွန် ကင်းလွတ်ခွင့်များ ဆိုင်းငံ့မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိခြင်းကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများသည် လုပ်ခသက်သာသည့် မြန်မာအထည်ချုပ် ကဏ္ဍဘက်သို့ စိတ်ဝင်စားမှု အားပိုကောင်းလာနိုင်သည်ဟု မြန်မာစီးပွားရေး ပညာရှင်အချို့က သုံးသပ်သည်။
“ဘင်္ဂလားဒေ့ရှ်ကိစ္စ နောက်ပိုင်း ဒီဘက်ကို စိတ်ဝင်စား လာကြတယ်” ဟု အထည်ချုပ် လုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူ ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။ ပြည်ပ အပ်ထည်များကိုသာ လက်ခစား လုပ်ကိုင်နေသော ပြည်တွင်း အထည်ချုပ်လုပ်ငန်းသည် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့နောက်၌ ရပ်တည် လျက်ရှိပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်ဖိုး တင်ပို့နိုင်ခဲ့သည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks