-->

Sunday, August 11, 2013

အစိုးရ လက်ကျန် သက်တမ်းအတွင်း လူထုတိုက်ရိုက် အကျိုးရှိမည့် စီမံကိန်းများသာ လုပ်မည်ဟုဆို

By The Voice Journal

အစိုးရ လက်ကျန် သက်တမ်းအတွင်း လူထုတိုက်ရိုက် အကျိုးရှိမည့် စီမံကိန်းများသာ လုပ်မည်ဟုဆိုစိုးရသစ်၏ လက်ကျန် သက်တမ်း လပေါင်းသုံးဆယ် အတွင်း ပြည်သူ လူထုထံ တိုက်ရိုက် ရောက်ရှိကာ အများပြည်သူ အကျိုးခံစားနိုင်မည့် စီမံကိန်းများ ကိုသာ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ကျင်းပသည့် အစိုးရယန္တရား တာဝန်ရှိသူ အားလုံးနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
သြဂုတ်လ ၉ ရက်နေ့တွင် နေပြည်တော် နိုင်ငံတော် သမ္မတ အိမ်တော်၌ ကျင်းပပြုလုပ်သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် တွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
လက်ကျန် အစိုးရ သက်တမ်းလ ၃၀ အတွင်း ပြည်သူလူထုအတွက် တိုက်ရိုက် အကျိုးရှိမည့် လျှပ်စစ်မီးရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖော်ထုတ်ပေးနိုင်ရေး၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်း ဖော်ဆောင်ပေးရေး၊ စက်မှုဇုန်များ ပြန်လည် ပြုပြင်ရေး၊ စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးတို့ကို လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတက ညွန်ကြားခဲ့ကြောင်း ဦးရဲထွဋ်က ဆိုသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လူထုနှင့် တိုက်ရိုက် ထိတွေ့နေရသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ လုပ်ပိုင်ခွင့် ပိုမိုပေးအပ်မည်ဟုလည်း ကတိပြု ပြောကြားသွားကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီမံကိန်းများ ရေးဆွဲခြင်းနှင့် ရသုံးမှန်းခြေ ငွေစာရင်း ရေးဆွဲခြင်းဆိုင်ရာများတွင် ပိုမိုလုပ်ပိုင်ခွင့်ပြုမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
သို့သော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ လုပ်ပိုင်ခွင့်များကိုမူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။ လာမည့် လပေါင်း ၃၀ အတွက် ပြည်ထောင်စုလွှတ်တော် နာယကတာဝန် ထမ်းဆောင်မည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ငြိမ်းချမ်းရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးစသည့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် နိုင်ငံရေးပါတီများ တောင်းဆိုနေသော အချက်များကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားထားသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks