-->

Tuesday, August 13, 2013

ဆရာတော် အရှင်ဆန္ဒာဓိက မြို့ခံဆန္ဒအရ ရေနံချောင်းမြို့ ပြန်ကြွမည်

ဆရာတော် အရှင်ဆန္ဒာဓိက မြို့ခံဆန္ဒအရ ရေနံချောင်းမြို့ ပြန်ကြွမည်အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ယူဆောင် သွားသော ရေနံချောင်းမြို့  အမှတ်(၁) အထက်တန်း ကျောင်းမှ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူ စာအုပ်ကို ပြန်မပို့ပါက ရေနံချောင်းမြို့သို့  ကြွရောက်မည် မဟုတ်ဟု မိန့်ကြား ထားသော ဆရာတော် အရှင် ဆန္ဒာဓိကသည် မြို့ခံများ၏ ဆန္ဒအရ ပြန်လည် ကြွရောက်မည် ဖြစ်ကြောင်း ဆရာတော်၏ ဒါယကာ တစ်ဦးဖြစ်သူ ဦးကျော်လွင်က The Voice သို့ ပြောကြားသည်။
ယင်းလက်ရေးမူကို ရေနံချောင်းမြို့သို့ ပြန်မပို့ပါက ဆန္ဒထုတ်ဖော်သည့် အနေနှင့် ရေနံချောင်းမြို့တွင် နှစ်စဉ်ပြုလုပ်သော ရွှေပါရမီ ပညာရည်ချွန် ဆုပေးပွဲသို့ ကြွရောက် တော့မည် မဟုတ်ကြောင်း၊ ရေနံချောင်းမြို့ အထက(၁) ကျောင်းဘက် ကိုလည်း လုံးဝ ခြေဦးလှည့်မည် မဟုတ်ကြောင်း ဆရာတော် အရှင်ဆန္ဒာဓိကက ဇူလိုင်လအတွင်း မိန့်ကြားထားသည်။ “မြို့ခံတွေက ပြန်ကြွစေ ချင်တယ် ဆိုတာကို ဆရာတော်ထံ လျှောက်ထားတယ်။ ပြန်ကြွမှာပါ” ဟု ဦးကျော်လွင်က ဆိုသည်။
မြို့ခံများ၏ ဆန္ဒအရ ယင်းလက်ရေးမူ စာအုပ်ကို စက်တင်ဘာလ အတွင်း ရေနံချောင်းမြို့သို့ ပြန်ပို့မည်ဟု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကတိပြုထားကြောင်း မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ငြိမ်းက သြဂုတ်လ ၉ ရက်နေ့တွင် ဒေသခံများကို ပြောကြားထားသည်။
ရေနံချောင်းမြို့ အမှတ်(၁) အထက်တန်းကျောင်း စာကြည့်တိုက်တွင် နှစ်ပေါင်းများစွာ ထိန်းသိမ်း ထားသော ယင်းလက်ရေး မူစာအုပ်ကို ဇူလိုင်လ ၁၉ ရက်နေ့တွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယူဆောင် သွားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန် တက္ကသိုလ်တွင် ပါဠိဘာသာနှင့် အင်္ဂလိပ်စာပေတို့ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ အတန်းဖော် အဖြစ် သင်ယူခဲ့သည့် ထိုစဉ်က အထက (၁) ကျောင်းအုပ်ဆရာကြီး တာဝန်ထမ်းဆောင်နေသော ဆရာဦးကျင်စိန်က ၁၉၆၂ ခုနှစ်တွင် အထက (၁) ကျောင်းဘာသာ ရပ်ပြပွဲတွင် သမိုင်းဆိုင်ရာ ပြခန်း၌ ခင်းကျင်းပြသရန် ယင်းစာအုပ်ကို ကျောင်းသို့ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယင်းပါဠိ ဘာသာ လက်ရေး မူစာအုပ်ကို ခေတ် အဆက်ဆက်ဆရာ၊ ဆရာမများက ဆက်လက်ထိန်းသိမ်း စောင့်ရှောက် ထားခြင်း ဖြစ်သည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks