-->

Tuesday, August 13, 2013

Google မိုးပျံဘောလုံး အင်တာနက် စီမံချက် ဘီလ်ဂိတ်စ် ဝေဖန်

By The Voice Journal

Google မိုးပျံဘောလုံး အင်တာနက် စီမံချက် ဘီလ်ဂိတ်စ် ဝေဖန်ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် မိုးပျံ ဘောလုံးများ လွှတ်တင်ထားပြီး ထိုဘောလုံးများမှ  တစ်ဆင့် အင်တာနက် ရရှိစေရန် ပြုလုပ်ပေးမည် ဆိုသည့် Google ၏ Project Loon ကို အလှမ်း ကျယ်လွန်းသော စီမံချက် တစ်ခု အနေနှင့် Microsoft ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဘီလ်ဂိတ်စ်က ဝေဖန်လိုက်ကြောင်း ABC သတင်းတွင် ဖော်ပြထားသည်။
Google ကုမ္ပဏီသည် နယူးဇီလန်နိုင်ငံတွင် အင်တာနက် အသုံးပြုနိုင်ရန် ပစ္စည်း ကိရိယာများ တပ်ဆင်ထားသော မိုးပျံ ဘောလုံးများကို လွှတ်တင်ပြီး လက်တွေ့ စမ်းသပ်ခဲ့သကဲ့သို့ ယခုအခါ ကယ်လီဖိုးနီးယား ပြည်နယ် တွင်လည်း စမ်းသပ်ခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ ယခု လွှတ်တင်ထားသော မိုးပျံ ဘောလုံးများတွင် စွမ်းအင်အတွက် နေရောင် မှ တစ်ဆင့် ရရှိ သုံးစွဲနိုင်ရန် ဘက်ထရီများကို တင်ဆောင် ပေးလိုက်ပြီး၊ မိုးပေါ်သို့ လွှတ်တင်ထားရသည့် အဓိက အချက်မှာ အင်တာနက်ကို ကျယ်ပြန့်စွာ ဖမ်းယူ ရရှိနိုင်စေရေးဖြစ်ကြောင်း Google က ရှင်းလင်း ထားသည်။
ဘီလ်ဂိတ်ကမူ ယင်းသို့ Google ၏ လုပ်ဆောင်နေချက်များနှင့် ပတ်သက်ပြီး မိမိအနေနှင့် စိတ်မဝင်စားကြောင်း၊ ငှက်ဖျား ဖြစ်နေသူ တစ်ဦးကို အင်တာနက် သွားကြည့်ခိုင်းရန် အဆင်ပြေမည် မဟုတ်ကြောင်း၊ ဝမ်းလျှောနေသူ တစ်ဦးကိုလည်း အင်တာနက်အကြောင်း ပြောနေ၍ အဆင်ပြေမည် မထင်ကြောင်း၊ မိမိ အနေနှင့် ဒစ်ဂျစ်တယ် တော်လှန်ရေးကို ယုံကြည်သူ ဖြစ်သော်လည်း လူတိုင်း ကျန်းမာရေး အခြေခံ ရရှိစေရေး အတွက် ကျောင်းတိုင်းတွင် အင်တာနက် ရရှိရေး ဆောင်ရွက်ပေးရန် ကိုသာ စိတ်ဝင်စားကြောင်း၊ ဝင်ငွေ နည်းပါးသည့် နိုင်ငံများတွင် ငှက်ဖျားနှင့် အခြားရောဂါများ တိုက်ဖျက်ရေးက အင်တာနက်ထက် အရေးကြီးကြောင်း အင်တာဗျူး တစ်ခုတွင် ပြောကြားသွား ခဲ့သည်။
ဂိတ်သည် Bill & Melinda Gates ဖောင်ဒေးရှင်းကို ထူထောင်ပြီး ကမ္ဘာ့ ပညာရေးနှင့် ကျန်းမာရေး လုပ်ငန်းများကို အထူး ဆောင်ရွက်နေသူ ဖြစ် သည်။ အထူးသဖြင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးကို စုစုပေါင်း ဒေါ်လာ ၂ ဘီလီယံခန့် အကုန်ခံကာ ဆောင်ရွက်နေသကဲ့သို့ AIDS ရောဂါ တိုက်ဖျက်ရေး အတွက်လည်း ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ အကုန်အကျခံ ထောက်ပံ့နေသူ တစ်ဦး ဖြစ်သည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks