-->

Tuesday, July 2, 2013

ပြည်ပနိုင်ငံများမှ ချေးငွေယူရာတွင် အတိုးနှုန်း သက်သာဆုံးနိုင်ငံကို ရွေးချယ်မည်

By 7Day News

ပြည်ပနိုင်ငံများမှ ချေးငွေယူရာတွင် အတိုးနှုန်း သက်သာဆုံးနိုင်ငံကို ရွေးချယ်မည်နေပြည်တော်- ပြည်ပနိုင်ငံ များမှ ချေးငွေများ ရယူရာတွင် အတိုးနှုန်း အသက်သာ  ဆုံးနိုင်ငံများ ကိုသာ ရွေးချယ်ရယူ မည်ဟု နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ဇွန် ၂၉ ရက် နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
“အရင်က မြောက်ပိုင်းနိုင်ငံကြီးက ချေးတာ အတိုးက ငါးရာခိုင်နှုန်း (တစ်နှစ် အတိုးနှုန်း)ပေးရတယ်။ အခြားနိုင်ငံ တွေက ချေးငွေယူ မရတော့ သူ့ဆီကပဲ ယူခဲ့ရတယ်” ဟု ပြည်ထောင်စု ၀န်ကြီးက ဆိုသည်။
အစိုးရ သစ်လက် ထက်တွင် ပြည်ပချေးငွေများ ကိုရယူမည် ဆိုပါက လွှတ်တော်မှ အတည်ပြုချက် ရမှသာ ချေးငွေများ ရယူနိုင်သည်။ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံမှ ချေးငွေယန်း ၅၁ ဘီလီယံကို ODA (နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီ)ချေးငွေ အနေဖြင့် ရယူ ထားသည်။ ထိုချေးငွေ အတွက် ဂျပန်နိုင်ငံကို တစ်နှစ်လျှင် အတိုး ၁ဒသမ ၁ ရာခိုင်နှုန်းသာ ပေးရသည်။
ယင်းချေးငွေမှာ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀ သတ်မှတ်ထားသဖြင့် နှစ် ၄၀ အတွင်း ပြန်ဆပ်ရမည်ဖြစ်သဖြင့် နှစ်ရှည်ချေးငွေ အမျိုးအစားဖြစ်ကြောင်း စီးပွားရေး ပညာရှင်များကပြောသည်။ အဆိုပါ ချေးငွေမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်ပြီး အခြေခံအဆောက်အအုံများ တည်ဆောက်ရေးနှင့် ပြုပြင်ရေးလုပ်ငန်း များအတွက် ၁၇ ဘီလီယံ၊ သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်သော အဆောက် အအုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ဂျပန် ယမ် ၂၀ ဘီလီယံနှင့် ရန်ကုန်မြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် လျှပ်စစ် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် ဂျပန်ယမ်း ၁၄ ဒသမ ၀၅၂ ဘီလီယံတို့ဖြစ်သည်။
ကမ္ဘာဘဏ်မှ ချေးငွေဒေါ်လာ ၁၆၅ သန်းအတွက်လည်း မြန်မာနိုင်ငံအနေဖြင့် ၀န်ဆောင် ခစရိတ် ၀ ဒသမ ၇၅ ရာခိုင်နှုန်း ကိုသာပေးရ မည်ဖြစ်သည်။ ယင်ချေးငွေ မှာလည်း နှစ် ၄၀ သက်တမ်းဖြစ်ပြီး အခြေခံအဆောက်အအုံများအတွက် အဓိကဖြစ်ကြောင်း ကမ္ဘာဘဏ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရသစ် လက်ထက်တွင် အတိုးနည်းသည့် ချေးငွေများ အပြင် နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် အကူအညီများမှ အမေရိကန်ဒေါ် လာ ၆၇၇ သန်း၊ ဂျပန်ယမ်းငွေ ၃ ဒသမ ၅ဘီလီယံ၊ ယူရိုငွေ ၁၇ ဒသမ ၇ သန်း၊ သြစတြေးလျဒေါ်လာ ၁ ဒသမ ၃၄၇ သန်း၊ တရုတ်ယွမ်ငွေ ၂၅၀ သိန်းနှင့် နည်းပညာ အကူအညီများဖြစ်သည့် အမေရိကန် ဒေါ်လာ ၄၀ ဒသမ ၃၄၅ သန်းနှင့် ဂျပန်ယမ်ငွေ ၂၃ ဒသမ ၈၃၅ သန်းရှိကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks