- By The Voice Journal
ဥပဒေ
အထက်တွင် လွှတ်တော် ရှိနေသလား (Above The Law) ဆောင်းပါးဖြင့် လွှတ်တော်ကို
ဝေဖန်ခဲ့သူ ဒေါက်တာ ဆိတ်ဖွားကို စုံစမ်းရေး ကော် မရှင် ဖွဲ့ကာ ငါးလကြာ
စုံစမ်း စစ်ဆေး ခဲ့သော်လည်း အဖြေ မပေါ်သည့် အတွက် စုံစမ်း စစ်ဆေးမှုများ
ရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ဒေါက်တာ ဆိတ်ဖွား
စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဦးမြညိမ်း က ပြောကြားသည်။ဇူလိုင်လ ၁ ရက်နေ့က ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဒေါက်တာ ဆိတ်ဖွား ဆိုသူကို စုံစမ်းရေး ကော်မရှင်က ဖော် ထုတ်နိုင်ခြင်း မရှိတော့ကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ ဦးမြညိမ်းက ဝန်ခံ ပြောကြားခဲ့သည်။ ဒေါက်တာဆိတ်ဖွားကို ဖေဖော်ဝါလ ၇ ရက်နေ့မှ စတင်ကာ ကော်မရှင်ဖွဲ့ စုံစမ်းခဲ့သော်လည်း ဇူလိုင်လ ၁ ရက်နေ့ထိ စုံစမ်း ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။ ဒေါက်တာဆိတ်ဖွား ဆိုသူသည် တစ်ဦးထက်မက အဖွဲ့တစ်ဖွဲ့ ဖြစ်နိုင်ပြီး ယင်းအဖွဲ့သည် မည်သူမည်ဝါ ဖြစ်နိုင်သည်ကို ဖော်ထုတ်နိုင်မည့် အချက် များကို သိရှိနေသူ ဦးခင်မောင်ညို (ဘောဂဗေဒ) က ဒေါက်တာဆိတ်ဖွား ကို ဖော်ထုတ်ပေးရန် တာဝန်ရှိကြောင်း အဆိုပါ ကော်မရှင် ဥက္ကဋ္ဌ ဦးမြညိမ်း က ဆိုသည်။
“ဦးခင်မောင်ညို ဦးစီး ထုတ်ဝေတဲ့ Smart News မှာ ဒေါက်တာ ဆိတ်ဖွား က ဆောင်းပါးရေးတယ်၊ အဲ့တော့ သူ ဖော်ထုတ် သင့်တယ်။ အယ်ဒီတာ တစ်ယောက် ဖြစ်နေတဲ့အတွက် သူ့ကျင့်ဝတ် လိုက်နာရမှာတော့ မှန်တယ်၊ ကျင့်ဝတ်နဲ့ ဥပဒေနဲ့က မတူဘူး၊ ဥပဒေ ချိုးဖောက်တဲ့သူကို မကာကွယ်ပေး သင့်ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ယင်းသို့ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၏ ပြောဆိုချက် များနှင့် ပတ်သက်၍ ဦးခင်မောင်ညို (ဘောဂဗေဒ)ကို The Voice က ဆက် သွယ် မေးမြန်းရာ “ကျွန်တော်က ကျွန်တော့် ဂျာနယ်မှာထည့်တဲ့ ဆောင်းပါး အတွက် တာဝန်ယူတယ်။ ဒါပေမဲ့ အခြား ဆောင်းပါးတွေ အတွက် ကျွန်တော့်မှာ တာဝန်မရှိပါဘူး”ဟု ပြန်လည် ဖြေကြားသည်။
အဆိုပါ ဒေါက်တာ ဆိတ်ဖွား မည်သူဖြစ်သည် ကိုလည်း မသိရှိကြောင်း၊ ယင်းသို့ မသိခြင်းကြောင့် ဒေါက်တာ ဆိတ်ဖွားနှင့် ပတ်သက်၍ မိမိတွင် တာဝန်မရှိကြောင်း ဦးခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။ ဒေါက်တာ ဆိတ်ဖွား စုံစမ်းရေး ကော်မရှင်က သတင်း မီဒီယာများမှ အယ်ဒီတာချုပ်များနှင့် အစိုးရ အရာရှိ အချို့ကို စုံစမ်း မေးမြန်းရာ တွင် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို ဒေါက်တာ ဆိတ်ဖွားဟု ယူဆနေသူများ ရှိကြောင်း ဦးမြညိမ်းက ကော်မရှင် အစီရင်ခံစာ ကို သုံးသပ် ပြောကြားသွားသည်။
“ကျွန်တော် ဒေါက်တာဆိတ်ဖွား မဟုတ်ပါဘူး။ ကျွန်တော်ရေးရင်လည်း ကျွန်တော့်နာမည်နဲ့ ရေးမှာပေါ့၊ ကျွန်တော် ဒေါက်တာဆိတ်ဖွား ဟုတ်ခဲ့ရင် လွှတ်တော်လာပြီး ဝန်ခံမယ်၊ အပြစ်ရှိရင် အရေးယူပါလို့ ကိုယ်တိုင် လာပြော မယ်” ဟု နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြား သည်။ လွှတ်တော်ကို လာရောက် စစ်ဆေး ခံသူများက ဒေါက်တာ ဆိတ်ဖွား မည်သူဖြစ်နိုင် သည်ကို ပတ်ဝန်းကျင် သက်သေခံချက် များဖြင့် ထွက်ဆိုသူ များ ရှိသော်ငြား ဒေါက်တာ ဆိတ်ဖွား မည်သူဟု တိတိပပ မဖော် ထုတ်နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် က ပြောကြားသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးရင်က အင်တာနက် စာမျက်နှာများတွင် ဒေါက်တာ ဆိတ်ဖွားဆိုသူသည် ဥပဒေအထက်တွင် လွှတ်တော်ရှိနေသလား (Above The Law) ဆောင်း ပါးဖြင့် လွှတ်တော် ကိုယ်စားလှယ်များကို ပုတ်ခတ် စော်ကား ထားခြင်းကြောင့် အရေးယူပေးရန် အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့ ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အဆိုပါ ဒေါက်တာ ဆိတ်ဖွား စုံစမ်းရေး ကော်မရှင်ကို ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းခဲ့သည်။








0 comments:
Post a Comment