-->

Tuesday, July 2, 2013

သံတွဲပဋိပက္ခ ပြန်လည်တည်ငြိမ်

သံတွဲပဋိပက္ခ ပြန်လည်တည်ငြိမ်ရခိုင်ပြည်နယ် သံတွဲမြို့ နယ်တွင် ဇွန်လ ၃၀ ရက်နေ့က ဖြစ်ပွား ခဲ့သော ပဋိပက္ခသည် တစ်ရက်အကြာတွင် ပြန်လည် တည်ငြိမ် သွားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သတင်း ထုတ်ပြန်ရေး ဆပ်ကော်မတီ အဖွဲ့ဝင် ဦးမျိုးသန့်က ပြောကြားသည်။
ပဋိပက္ခ အခြေအနေ များကို ထိန်းသိမ်းရန် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ပြီး ရဲတပ်ရင်းမှ အင်အား ၁၀၀၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် တပ်မတော် တပ်ရင်းများက လုံခြုံရေး တင်းကျပ်စွာ ချထားကြောင်း၊ သံတွဲမြို့တွင် ဖြစ်ပွားနေသည့် အခြေအနေများကို ဖြေ ရှင်း ဆောင်ရွက်ရန် ဇူလိုင် ၁ ရက်နေ့တွင် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီး နှစ်ဦး သွားရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဒီနေ့ အခြေအနေက အေးအေးဆေးဆေး ဖြစ်သွားပါပြီ။ လုံခြုံရေး ချထား တာလည်း သိပ်မတွေ့ရဘူး” ဟု သံတွဲမြို့ ဒေသခံ ဦးမြင့်မိုးက ပြောကြား သည်။ ပဋိပက္ခကို အစပြုစေခဲ့သည့် တောင်ကုတ်မြို့သူ အမျိုးသမီးကို မုဒိမ်းကျင့် ခဲ့သည်ဟု ယူဆရသူ ဦးငပြူးနှင့် အခြားတစ်ဦးကို သံတွဲမြို့နယ် ရဲတပ်ဖွဲ့ စခန်းက ဇူလိုင်လ ၁ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ပြီး သံတွဲ ရဲစခန်းက ပုဒ်မ ၃၇၆ ပြစ်မှုအမှတ် (ပ)၃၇/၂၀၁၃ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
မုဒိမ်း ကျင့်ခံရသည့် အဆိုပါ အမျိုးသမီးကို ဇူလိုင်လ ၁ ရက်နေ့တွင် ဆေး စစ်ချက်များ ရယူရန် ဆေးရုံသို့ ခေါ်ဆောင် လာခဲ့ကြောင်း မျက်မြင် တွေ့ရှိခဲ့ သည့် သံတွဲမြို့ ဒေသခံ တစ်ဦးက ပြောကြားသည်။ တောင်ကုတ်မြို့နယ် ဆေးရုံ ကွက်သစ် ရပ်ကွက် (၅) လမ်းတွင် နေထိုင်သည့် အဆိုပါ အမျိုးသမီးကို သံတွဲမြို့တွင် နေထိုင်သည့် အစ္စလာမ် ဘာသာဝင် ကမန် အမျိုးသား တစ်ဦးက ဇွန်လ ၂၉ ရက်နေ့က သံတွဲမှ တောင်ကုတ်သို့ ဆိုင်ကယ် ကယ်ရီဖြင့် ပို့ပေးမည်ဟုဆိုကာ ခေါ်ဆောင်ခဲ့ပြီး မုဒိမ်းကျင့် ခဲ့ကြောင်း၊ ယင်းအမျိုးသမီးကို တောင်ကုတ်သို့ မခေါ်ဘဲ သံတွဲမြို့ ထဲသို့ ခေါ်ကာ မုဒိမ်းကျင့်ခဲ့ပြီး ဇွန်လ ၃၀ ရက်တွင်လည်း ဆည်တဲ တစ်ခု အနီးတွင် မုဒိမ်းမှု ထပ်မံ ကျူးလွန်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ အမျိုးသမီး မုဒိမ်းကျင့် ခံရသည့် သတင်းများ ထွက်ပေါ် လာပြီးနောက် တရားခံကို ဖော်ထုတ် ပေးရန် သံတွဲမြို့နယ် ဒေသခံ ၃၀၀ ခန့် ရဲတပ်ဖွဲ့ စခန်းရှေ့ လာရောက် တောင်းဆို ခဲ့ကြပြီးနောက် ဇွန်လ ၃၀ရက်နေ့ ညနေ တွင် နေအိမ် တစ်လုံးကို မီးရှို့ခဲ့ရာမှ အခြားအိမ်များကို ကူးစက်ခဲ့သဖြင့် အိမ် ရှစ်လုံးခန့် မီးလောင် ဆုံးရှုံးခဲ့ပြီး စက်ဘီး၊ ဆိုင်ကယ်များ ဖျက်ဆီးခံခဲ့ ရကြောင်း သံတွဲ မြို့ခံများကို ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ပဋိပက္ခ နှစ်ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့ရာ လူ ၁၆၀ ကျော် သေဆုံး ပြီး လူတစ် သိန်းကျော် အိုးမဲ့ အိမ်မဲ့ ဒုက္ခရောက်ခဲ့သည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks