-->

Tuesday, July 2, 2013

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း နုတ်ထွက်မည် မဟုတ်

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း နုတ်ထွက်မည် မဟုတ်နိုင်ငံတော် သမ္မတထံ နုတ်ထွက်စာ တင်သွင်း ထားသည်ဟု သတင်းများ ထွက်ပေါ်နေသော နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းသည် အစိုးရ အဖွဲ့မှ နုတ်ထွက်မည် မဟုတ်ကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာ၏ အကြီး တန်း အကြံပေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် ဦးအောင်မင်းနှင့် လက်တွဲ လုပ်ကိုင်နေသူ ဦးလှမောင်ရွှေက The Voice သို့ ပြောကြားသည်။
နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းသည် နုတ်ထွက်စာ တင်ရန် အစီအစဉ် မရှိကြောင်း ငြိမ်းချမ်း ရေး လုပ်ငန်း စဉ်များကိုသာ အာရုံစိုက် လုပ်ကိုင်လျက် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော် မတီကို ဝန်ကြီးအချို့ နုတ်ထွက်စာ တင်တယ်။ အဲဒီပေါ် အခြေခံပြီး ဒီသတင်းတွေ ထွက်လာတာ။ နောက် ဦးအောင်မင်းက ပြီးခဲ့တဲ့နှစ်တုန်းက နုတ်ထွက်စာ တင်ဖူးတယ်။ အဲဒါတွေရောပြီး ဦးအောင်မင်း နုတ်ထွက်တယ် ဖြစ်လာတာ” ဟု ဦးလှမောင်ရွှေက ဆိုသည်။
ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာန ရုံးတွင် ပြုလုပ်ခဲ့ သည့် ပြည်ထောင်စု ဝန်ကြီး အချို့နှင့် သတင်း မီဒီယာများ တွေ့ဆုံပွဲတွင် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ဦးအောင်မင်း နုတ်ထွက်စာ တင်ခြင်းသည် ဒီမိုကရေစီ အစိုးရ တစ်ရပ်၏ လုပ်ဆောင်ချက် ဖြစ်ကြောင်း ပြောဆို ထားသည်။
အဆိုပါ သတင်းမီဒီယာ ဆွေးနွေးပွဲသို့ ဦးအောင်မင်း တက်ရောက်လာမှု မရှိခြင်းနှင့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၏ ဖြေကြားချက်များကို ကိုးကား ၍ ပြည်တွင်း မီဒီယာအချို့နှင့် အင်တာနက် စာမျက်နှာများတွင် ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်း နုတ်ထွက်စာ တင်ထားကြောင်း ဖော်ပြထားသည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်မှ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခြင်း ခံထားရသူ ဖြစ်သည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks