By The Voice Journal
ဝန်ကြီးချုပ်
ယင်းလတ် ရှင်နာဝပ်သည် ထိုင်း ကာကွယ်ရေး ဝန်ကြီး ရာထူးကို ဇူလိုင်လ ၁၁
ရက်နေ့တွင် စတင် ရယူလိုက်ပြီ ဖြစ်ရာ ထိုင်းအစိုးရ သမိုင်းကြောင်းတွင်
ပထမဆုံး အမျိုးသမီး ကာကွယ်ရေး ဝန်ကြီးအဖြစ် သတ်မှတ်ခံ ရပြီဖြစ်ကြောင်း The
Nation သတင်းစာက ရေးသား ဖော်ပြသည်။ကာကွယ်ရေး ဝန်ကြီး တာဝန် စတင်ရယူ သည့်နေ့တွင် ဝန်ကြီးချုပ်သည် စတီပီလာ ဂူဗိမာန်၌ ဝတ်ပြု ဆုတောင်းမှု ပြုလုပ်ပြီးနောက် ကာကွယ်ရေး ဝန်ကြီးဌာန ပရိဝုဏ်အတွင်း၌ ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကို စစ်ဘက် ခေါင်းဆောင်ကြီးများနှင့်အတူ ခံယူခဲ့သည်။ ဝန်ကြီးချုပ် ယင်းလတ်အား ကာကွယ်ရေးဝန်ကြီး တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်စေမည့် အစီအစဉ်မှာ ယမန်နှစ်ကုန်ပိုင်းခန့်ကတည်းက စတင် စီစဉ်ခဲ့ခြင်း ဖြစ်သော်လည်း ထိုင်း စစ်တပ်က ဝန်ကြီးချုပ် အနေနှင့် စစ်တပ်၏ သဘော သဘာဝနှင့် ဓလေ့ စရိုက်တို့ကို နားလည် သဘောပေါက် နိုင်ဖွယ် မရှိဟုဆိုကာ ကန့်ကွက်ခဲ့သည်။
သို့သော်လည်း မစ္စ ယင်းလတ်က ၎င်းသည် စစ်တပ်နှင့် ကောင်းစွာ လက်တွဲ လုပ်ကိုင်နိုင်သူ တစ်ဦး ဖြစ်သည်ဟူသော အချက်ကို ၂ နှစ်တာ ကာလအတွင်း ထုတ်ဖော် ပြသခဲ့ကြောင်း၊ အထူးသဖြင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာနှင့် လက်တွဲကာ လုပ်ကိုင် ဆောင်ရွက်နိုင် ခဲ့ကြောင်း အစိုးရအဖွဲ့တွင်းမှ အရာရှိကြီး တစ်ဦးက ဆိုသည်။ ယင်းလတ်ရှင်နာဝပ် အနေဖြင့် ကာကွယ်ရေးဝန်ကြီး ရာထူး မရယူမီ ရက်ပိုင်းတွင် ထိုင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာ က ၎င်းအနေနှင့် ဝန်ကြီးချုပ်၏ အစ်ကိုဖြစ်သူ သက်ဆင်ရှင် နာဝပ်ကို ထိုင်းနိုင်ငံသို့ ပြန်လည် ခေါ်ယူနိုင်ရေးအတွက် တိတ်တဆိတ် ညှိနှိုင်းမှု များ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
ထိုသို့ ငြင်းဆိုရသည့် အကြောင်းမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အသံ တိပ်ခွေ တစ်ခု ထွက်ပေါ်ခဲ့ရာ ယင်းတိပ်ခွေအရ ထိုင်းစစ်တပ်သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ပြန်လည် ဝင်ရောက် လာရေးအတွက် လက်ရှိ ဝန်ကြီးချုပ်နှင့် အပေးအယူ ပြုလုပ်ထားသည် ဟူသော သံသယများကို ဖြစ်ပေါ်စေခြင်းကြောင့် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။
ယင်းလတ်ရှင်နာဝပ်သာ ကာကွယ်ရေးဝန်ကြီး ရာထူးကိုပါ ပူးတွဲ ရယူမည် ဆိုပါက ၎င်း၏အစ်ကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်မည့် ကိစ္စအတွက် များစွာ အထောက်အကူ ဖြစ်နိုင်သည်ဟူသော စွပ်စွဲ ပြောဆိုချက်များမှာ ဇူလိုင် လဆန်းပိုင်းကလည်း ထိုင်း နိုင်ငံရေး လောကတွင် ထွက်ပေါ်ခဲ့သေးသည်။ ထိုင်းနိုင်ငံ သမိုင်းကြောင်းတွင် ကာကွယ်ရေးဝန်ကြီး ရာထူးကို ပူးတွဲ ထမ်းဆောင်ခဲ့ဖူးသူ ဝန်ကြီးချုပ် သုံးဦးရှိပြီး ၎င်းတို့မှာ ချွမ်လိပိုင်၊ စမတ်စွန်ထော်ရဝံ့နှင့် ဆွမ်ချိုင်းဝမ်ဆာဝပ်တို့ ဖြစ်ကြသည်။








0 comments:
Post a Comment