-->

Tuesday, July 2, 2013

လမ်းဘေး ဈေးရောင်းသူ အချို့ကို စတင်ဖမ်းဆီး

လမ်းဘေး ဈေးရောင်းသူ အချို့ကို စတင်ဖမ်းဆီးရန်ကုန် မြို့တော်ရှိ မြို့တွင်း သုံးမြို့နယ်တွင် သတ်မှတ်ချိန် အတွင်း ဈေးရောင်းချရန် ထုတ်ပြန်မှုကို လိုက်နာခြင်း မရှိသည့် ဈေးရောင်းချ သူများကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ဖမ်းဆီးလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (Y.C.D.C) စီမံရေးရာ ဌာန အရာရှိ တစ်ဦး က The Voice သို့ ပြောကြားသည်။
ရန်ကုန်မြို့တွင်း မြို့နယ်များ ဖြစ်သည့် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ မြို့နယ်များရှိ လမ်းမကြီး ပလက်ဖောင်း ပေါ်တွင် ဈေးရောင်းချမှု အများဆုံးဖြစ်ပြီး ညနေ ၃ နာရီ မှ ည ၈ နာရီ အထိ ဈေးရောင်းချရန် စည်းကမ်းချက် ထုတ်ပြန်ထားသော်လည်း ဈေးရောင်းချသူများနှင့် စည်ပင် ဝန်ထမ်းများ အကြား ဖမ်းဆီးရာတွင် ခိုက်ရန် ဖြစ်ပွားမှု များလာခြင်းကြောင့် ဈေးသည်များကို ဖမ်းဆီးအရေးယူရန် စောင့်ကြည့်လျက် ရှိကြောင်း၊ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းချသူများ ယခင်ထက် များပြား လာခြင်းကြောင့် စည်းကမ်း ပြန်လည် တင်းကျပ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ရန်ကုန်မြို့တွင်း ဈေးရောင်းချသူများကို သတ်မှတ်ချိန် ပြင်ပ၌ လမ်းသွယ်များတွင် ရောင်းချခွင့် ပြုထားပြီး၊ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းချမှုကို ညနေ ၃ နာရီ နောက်ပိုင်းမှ ည ၈ နာရီ အထိသာ ရောင်းချရန် ၂၀၁၂ ခုနှစ် မေလက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စည်းကမ်းချက် ထုတ်ပြန်ထားသည်။
“ဈေးသည်တွေကို မနက်ကနေ ညနေအထိ ရောင်းလို့ရနိုင်မယ့် နေရာတစ်ခု လုပ်ပေးစေချင်တယ်။ အခု ၃ နာရီ ကတည်းက စဖွင့်ပြီးရောင်းတာ ညနေ ၅ နာရီ ကျော်တဲ့အထိ ဈေးဦး မပေါက်သေးဘူး။ ပလက်ဖောင်းကို ဖျက်ပြီး ကားပါကင် လုပ်တော့မယ်ဆိုတော့ ကျွန်တော်တို့ ထမင်းငတ်ကိန်း ဆိုက်ပြီ” ဟု ကျောက်တံတားမြို့နယ် အနော်ရထာလမ်းပေါ်တွင် လျှပ်စစ်ပစ္စည်း ရောင်းချနေသူ အမျိုးသားတစ်ဦးက ပြောကြားသည်။
ပလက်ဖောင်းပေါ်တွင် ဈေးသည်များ ရှင်းသွားသဖြင့် လမ်းလျှောက်၍ ပိုမို ကောင်းမွန်လာပြီး ပလက်ဖောင်းကို ဖျက်၍ ကားပါကင် တည်ဆောက် နေခြင်းကြောင့် လမ်းလျှောက်ရန်နေရာ ကျဉ်းမြောင်း နေသဖြင့် ပလက်ဖောင်းကျယ်ကျယ် ဆောင်ရွက်ပေး သင့်ကြောင်း ပန်းဘဲတန်း မြို့နယ်တွင် အလုပ်လုပ်ကိုင်သူ ရုံးဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ဈေးရောင်းရန် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို မလိုက်နာသော ဈေးသည်များကို အရေးယူရန် စည်ပင် ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော် အသုံးပြုကာ စည်းကမ်းကြပ်မတ် အရေးယူလျက် ရှိကြောင်း (Y.C.D.C) စီမံရေးရာဌာနထံမှ သိရှိရသည်။ ရန်ကုန်မြို့တော်ရှိ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာမြို့နယ်တို့တွင် ဈေးရောင်းချသူ ၅၀၀၀ ခန့် ရှိကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာနထံမှ သိရှိရသည်။
ဥမ္မာလွင်

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks