-->

Tuesday, July 2, 2013

အရပ် ၇ ပေ ၈ လက်မရှိသူကို ကျန်းမာရေး စစ်ဆေးမည်

အရပ် ၇ ပေ ၈ လက်မရှိသူကို ကျန်းမာရေး စစ်ဆေးမည်မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ် ထုံးပေါက်ချိုင် ကျေးရွာနေ အရပ် ၇ ပေ ၈ လက်မရှိသူ ဦးဝင်းဇော်ဦးကို ပြည်တွင်းရှိ အထူးကု ဆရာဝန်ကြီး အချို့က ကျန်းမာရေး စစ်ဆေးပေးမည် ဖြစ်ကြောင်း စစ်ဆေးကုသမှု အဓိက ပံ့ပိုးသူများတွင် တစ်ဦးအပါအဝင် ဖြစ်သည့် အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ခင်မောင်ဝင်း က ပြောကြားသည်။ အသက် ၃၆ နှစ်အရွယ် ၄င်းသည် ငယ်ရွယ်စဉ် ကတည်းက အရပ်ရှည်ထွက် လာခြင်း မဟုတ်ဘဲ ဦးနှောက် တွင်းရှိ ဟော်မုန်း အပြောင်းအလဲ တစ်ခုကြောင့် အသက် ၁၈ နှစ် နောက်ပိုင်း တွင်မှ တစ်နှစ်ထက် တစ်နှစ် အရပ် ရှည်ထွက် လာခြင်း ဖြစ်ကြောင်း ၄င်းနှင့်ဆက်စပ်သူ အသိုင်းအဝိုင်းထံမှ သိရှိရသည်။
ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး အသည်း အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမြတ်သူ၊ ဓာတ်မှန် ဆရာဝန်ကြီး ဒေါက်တာ ကျော်မြင့်၊ အဏုဇီဝဗေဒ ဆရာဝန်ကြီး ဒေါက်တာ သိန်းသန်းတို့က အဓိက ကူညီပံ့ပိုးမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ ယင်းသို့ အရပ်ရှည်လာခြင်းသည် ထွားကျိုင်းသော မျိုးရိုးဗီဇထက် Acromegalay ဟုခေါ်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ အလွန်အမင်း ကြီးထွားလာသည့်ရောဂါ တစ်မျိုးကြောင့် ဖြစ်ကြောင်း ပြည်တွင်းရှိ အထူးကု ဆရာဝန်ကြီးများက သုံးသပ် ပြောကြားသည်။
ထို့အပြင် အဆိုပါ ရောဂါကို အချိန်မီ မကုသနိုင်ပါက ခြေဖျား၊ လက်ဖျားကြီး လာခြင်းအပြင် သွေးတိုးနှင့် ဆီးချိုရောဂါ တို့လည်း ဖြစ်လာနိုင်ကြောင်း ဦးဝင်းဇော်ဦး ကို စမ်းသပ်စစ်ဆေးခဲ့သူ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာမြတ်သူက ရှင်းပြသည်။ "ကိုယ့်ကိုယ်ကိုယ် သာမန်လူလို့ပဲ အကြမ်းဖျင်းမြင်တယ်။ ချွေးထွက်တယ်။ သွားရလာရ အခက်အခဲလေးတော့ ရှိတယ်" ဟု ဦးဝင်းဇော်ဦးက သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ယင်းရောဂါ လက္ခဏာများ ရှိသော ပြင်ပလူနာများကို တစ်နှစ်လျှင် ၂၀ ဦးနီးပါး ခွဲစိတ်ခဲ့ဖူးကြောင်း၊ သို့သော် အခြား လက္ခဏာများနှင့်မတူသော အရပ်အလွန် ရှည်ထွက်လာခြင်းမျိုးကို မတွေ့ရှိဖူးကြောင်း ဒေါက်တာမြတ်သူက ပြောဆိုသည်။ "ကိုယ့်ကို ကောင်းရာလုပ်ပေးတာကို ကျွန်တော့်အနေနဲ့ လက်ခံတယ်" ဟု အသက် ၃၆ နှစ်အရွယ် ဦးဝင်းဇော်ဦးကဆိုသည်။ လက်တွေ့ ခွဲစိတ်ကုသရေးအတွက် အထူးကု ဆရာဝန်ကြီးများက အခမဲ့ကုသ ပေးရန် ရှိသော်လည်း ငွေကြေး မတတ်နိုင်သောကြောင့် အလှူရှင်များ လိုအပ်လျက် ရှိပြီး ဆက်သွယ် လှူဒါန်း လိုသူများ အနေနှင့် Novel Square အထူးကုဆေးခန်း ဖုန်း-၀၁-၃၇၃၇၉၄၉၊ ၀၉-၅၀၀၇၆၀၈ နှင့် လမ်း ၃၀ ဆေးခန်းနှင့် အဆင့်မြင့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း ဖုန်း-၀၉-၄၉၃၀၈၇၃၉ ကို စုံစမ်းနိုင်သည်။ ကမ္ဘာပေါ်တွင် လက်ရှိ အရပ်အရှည်ဆုံး ဂင်းနစ်စံချိန် မှတ်တမ်းဝင်ထားသူသည် အရပ် ၈ ပေ ၃ လက်မ ရှိထားသည့်အတွက် ဦးဝင်းဇော်ဦးအဖို့ ဂင်းနစ်စံချိန်ဝင်ရန်မူ လိုနေသေးသည်။ 

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks