-->

Tuesday, July 2, 2013

၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော် ပြင်ပညီလာခံ ခေါ်ယူကာ ပြင်ဆင်သင့် ဟုဆို

၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော် ပြင်ပညီလာခံ ခေါ်ယူကာ ပြင်ဆင်သင့် ဟုဆိုလာမည့် ရွေးကောက်ပွဲများ မတိုင်မီ ပြင်ဆင်သင့် သည်ဟု နိုင်ငံရေး ပါတီ အားလုံးက လက်ခံ ထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တိုင်းရင်းသား အားလုံး ပါဝင်သော လွှတ်တော်ပြင်ပ ညီလာခံတစ်ခု ခေါ်ယူ ပြင်ဆင် သင့်ကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့က ဦးဆောင် ပြုလုပ်သည့် ဖက်ဒရယ်မူ ဆွေးနွေးပွဲ၌ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်တွင်း ပြင်ဆင်လိုပါက လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အဆိုတစ်ရပ် တင်သွင်းပြီး လွှတ်တော် ကိုယ်စားလှယ် အားလုံးအနက် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံချက် ရယူကာ လူထုဆန္ဒ ခံယူပွဲ ပြုလုပ်ရမည် ဖြစ်၍ အခြေခံဥပဒေကို ပြင် ဆင်နိုင်ရန် ခက်ခဲသဖြင့် လွှတ်တော် ပြင်ပ၌ ပြင်ဆင်သင့်ခြင်း ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
“လွှတ်တော် ထဲက ကော်မတီ တွေနဲ့ ပြင်ပမှာရှိတဲ့ အဖွဲ့အစည်းတွေ အားလုံး ညှိနှိုင်းလုပ်ရင် ပဋိပက္ခ ဖြစ်စရာ မရှိပါဘူး” ဟု ဦးအေးသာအောင်က ဆိုသည်။ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးဆလိုင်းမာန် ကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးထက် အခြေခံ ဥပဒေသစ် ရေးဆွဲရေးကို ဦးစားပေး လုပ်ဆောင်ပါက နိုင်ငံရေး ပြဿနာများ ဖြစ်ပေါ်လာနိုင် သည်ဟု ထောက်ပြ ထားသည်။
၂၀၁၄ခုနှစ် ဒီဇင်ဘာလ မတိုင်မီ နိုင်ငံရေး အင်အားစု အားလုံး ပါဝင်သည့် ညီလာခံ တစ်ရပ် ခေါ်ယူပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် တစ်ရပ် ရေးဆွဲရေးကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက် လာသည့် ရှမ်း-ကယား တပ်ပေါင်းစုဌာန ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ထုတ်ဖော် ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲနိုင်ရေး အတွက် အမျိုးသား ညီလာခံ ခေါ်ယူမည် ဆိုသော အချက်ကို ကရင်ပြည်နယ် ဆုံဆည်းမြိုင်ကျေးရွာတွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပြုလုပ်သော ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ သဘောထား အမြင် နှီးနှောဖလှယ် ပွဲသို့ တက်ရောက် လာသည့် အဖွဲ့အစည်း ၃၈ ဖွဲ့မှ ကိုယ်စားလှယ် ၈၄ ဦးက သဘောတူ ထားသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks