-->

Sunday, July 28, 2013

ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု NDF ပါတီ ကြေညာချက်ထုတ်

By The Voice Journal

ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု NDF ပါတီ ကြေညာချက်ထုတ်မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေ မြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက် ၃၆ လမ်း ၈၄x၈၅ လမ်းကြားတွင် ဇူလိုင်လ၂၁ ရက်နေ့က ကျင်းပသော မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူ တရားပွဲတွင် လက်လုပ်ဗုံး ပေါက်ကွဲမှုနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) အထက် မြန်မာနိုင်ငံက အဆိုပါ ဗုံးခွဲမှုလုပ်ရပ်ကို ဆန့်ကျင် ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ သည်ဟု ယင်းပါတီ ဗဟိုကော်မတီဝင် ဦးမြင့်ဦးက ပြောကြားသည်။
ယင်းကြေညာချက်တွင် နိုင်ငံရေး မတည်ငြိမ်စေရန် ခုတုံးလုပ် လုပ်ကြံခြင်းဖြစ်စေ၊ အစွန်းရောက် ဘာသာရေး အကြမ်းဖက် သမားများ၏ လုပ်ရပ်ဖြစ်စေ၊ ဗုဒ္ဓဘာသာဝင်များ တရားပွဲ ကျင်းပသည့် နေရာတွင် ဗုံးဖောက်ခွဲမှုဖြစ်ရပ်ကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အထက်မြန်မာပြည်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အဆိုပါ ပါတီထံမှ သိရသည်။
အဆိုပါ ဆန့်ကျင်ရှုတ်ချခြင်း ကြေညာချက်ကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၈ နာရီပတ်ဝန်းကျင် အချိန်မှစ၍ ပုသိမ်ကြီးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် ပြည်သူများထံသို့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ဦမြင့်ဦးက ထပ်မံပြောကြားသည်။
ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီခန့် က မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက် ရပ်ကွက်၊ ၃၆လမ်း၊ (၈၄x၈၅) လမ်းကြား၊ အေးမေတ္တာဆေးခန်းရှေ့ လမ်းဘေးတွင် ရပ်ထားသည့် ယာဉ်ပိုင်ရှင် ဒေါက်တာတင်မြင့်၏ ၇က/၃၀၂၀ တိုယိုတာကိုရိုလာ အဖြူရောင်ယာဉ် အနီးမှ ဗြောက်အိုးကွဲသံ ကဲ့သို့ အသံဖြစ်ပေါ်ပြီး ယာဉ်၏ နောက်ဘီးနှစ်ဘီးနှင့် ရှေ့ယာဘက်ဘီးတို့ ဘီးပေါက်ခဲ့ကာ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးလေးဦး အမျိုးသားတစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ဒဏ်ရာရရှိခဲ့သည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks